ABSDF -ကျောင်းသားရဲဘော်ဟောင်း ဘိုဘိုရဲ့ မြောက်ပိုင်း ခရီးအစ အဆုံး(အပိုင်း၁မှ၁၄ထိ)
http://maythingyanhein.blogspot.com/2012/09/absdf.html
မေသင်္ကြန်ဟိန်(မြစ်မခ)
အဖွင့်
အသားဖြူဖြူ၊ နဖူးပေါ် ခပ်အုပ်အုပ်ကျနေတဲ့ ဆံပင်ပုံဆန်၊အဝေးကြည့်မျက်မှန်တပ်ထားတဲ့ အသက် ၄၀ ၀န်းကျင်အရွယ် အမျိုးသားက ကိုဘိုဘိုဖြစ်တယ်။
မြောက်ပိုင်းABSDFကျောင်းသားသတ်ပွဲတွေအကြောင်း ဖတ်ရတုန်းက ကျမစိတ်မှန်းနဲ့ မြင်ယောင်ကြည့်ခဲ့တဲ့ ၁၅ နှစ်သား ဘိုဘိုတော့ မဟုတ်တော့ဘူး။သူက ဦးဘိုဘိုဖြစ်နေပြီ၊ ပြီးတော့လက်နက်ကိုင်တဲ့ တော်လှန်ရေးသမားလည်းမဟုတ်ဘူး။
ယနေ့မှာတော့ ကိုဘိုဘိုလို့ မေးလိုက်ရင် ကချင်ပြည်နယ်ဒုက္ခသည်စခန်းတွေကို သွားရောက် ကူညီအားပေးနေတဲ့ အဖြူရောင်တွဲလက်များဆိုတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ သူအဖြစ် တွေ့မြင်နေရပြီ။
သူက ဆေးလိပ် များများသောက်ပြီး စကားပြောတယ်။ စကားပြောရင်လည်း ဆေးလိပ်ကိုညာလက်ကြားညှုပ်ရင်း တက်တက်ကြွကြွနဲ့ မျက်စိတည်းမြင်လာအောင် ပြောတတ်တယ်။အတိတ်က ၀မ်းနည်းစရာအကြောင်းတွေကိုတော့ မျက်ရည်လည်ရင်း ပြောတယ်၊ပျော်စရာဆိုရင်တော့ ရွှန်းရွှန်းဝေအောင်ပြောရင်း ရယ်မောတယ်။
သူစကားပြောတာကို ကျမရယ်၊ သတင်းထောက်ကျော်ဇင်မန်းရယ်၊အလုပ်သင်သတင်းထောက် မြတ်မိုးကျော်ရယ် ထိုင်ငေးကြည့်နေရင်း နားထောင်ရင်းနဲ့ သူ့စကားတွေထဲမှာ စီးမျောသွားလိုက်ကြတာ။
ကျမတို့ သုံးယောက်လုံးတကယ်ပဲ့  အသက် ၁၄ နှစ်၊ ၁၅ နှစ်သားပုဆိုးစိမ်းဝတ်ထားတဲ့ ပိန်ပိန်သွယ်သွယ်နဲ့ လွယ်အိတ်ကျောသိုင်းထားတဲ့ကိုးတန်းကျောင်းသားနဲ့အတူ ၈၈ အရေးအခင်းမှာ ပါဝင်ခဲ့ပြီး၊ နောက်တော့ တကယ်ပဲမြန်မာပြည်ရဲ့ မြောက်ပိုင်း ABSDF (ပါဂျောင်)စခန်းကိုရောက်သွားခဲ့သလိုပါပဲ။
(၁)
ကျနော်က တကယ်တော့တပ်မတော်ကို ချစ်တဲ့ စိတ်ရှိခဲ့တဲ့သူဗျ။ဆယ်တန်းအောင်ပြီးရင် ဗိုလ်သင်တန်းတက်မယ်လို့ကို စဉ်းစားထားခဲ့တာပါ။
အဲဒီခေတ်တုန်းက ကျနော်တို့ဆီမှာ ဘာသွားရှိသလဲဆိုတော့ ၁၀ တန်းအောင်ရင် DSA တက်မယ်၊ အဲအချိန်က ကျနော်က အဲလိုပဲ ရှိခဲ့တယ်။ နောက်ပြီးတော့သူငယ်ချင်းအဖေကလည်း ရန်ကုန်တိုင်း တိုင်းမှူးပေါ့၊ သူကလည်း ပြောတယ်ဗျမင်းတို့ ၁၀ တန်းအောင်အောင်ဖြေ၊ ၁၀ တန်းအောင်ရင် မင်းတို့ကို DSA ပို့ပေးမယ်၊ ထားပေးမယ်လို့ ပြောပေးတာလည်းရှိတယ်။
အဲတော့ ဒီတပ်က တကယ်ကျနော်ချစ်တဲ့ တပ်၊ ကျနော် တကယ်ကိုလေးစားရတဲ့ တပ်၊ သတင်းစာထဲမှာရှေ့တန်းတစ်နေရာမှာ တိုင်းပြည်အတွက် အသက်ပေးတာတို့ ဘာတို့ကို တွေ့ရင်ကြက်သီးမွေးညင်းကို ထရတယ်။ အဲလိုကျနော် ချစ်တဲ့တပ်၊ ဒီစစ်တပ်ကိုပြောတာပေါ့နော်။
ကျနော်က အထက်တန်းကျောင်းတုန်းက အလုံ အထက (၄)မှာ တက်တယ်။ အဲမှာတင်ကျနော်ကြုံလိုက်ရတာက သပိတ်မှောက်တဲ့ ကျောင်းသားတွေကို တပ်က ပစ်တာကို။အဲဒါကို ရှောခ် ရသွားတာ။ တသက်လုံးအတွက်ကို ရှော့ရသွားခဲ့တာပဲ။ တပ်ကဘာဖြစ်လို့ငါ့သူငယ်ချင်းတွေကို ပစ်တာလဲဆိုပြီး အဲဒီကနေစပြီးကျနော်ရှော့ရတာ၊ ကျနော် မှတ်မှတ်ရရ အဲဒီဟာလေးတစ်ခုကို ပြန်ပြောပြချင်တယ်။ဇွန်လပေါ့ဗျာ ၈၈ အရေးအခင်းမဖြစ်သေးဘူး။ ဇွန်မှာပေါ့။ပူညံပူညံတွေတော့ဖြစ်နေပြီ။
အဲဒီနေ့က မိုးရွာနေတယ်။
ကျနော်က ကျောင်းသားဆိုတော့ ရခိုင်ပုဆိုး အစိမ်းကို ၀တ်ထားတာဗျ။ကျနော်ကလည်း ဟိုစပ်စပ် ဒီစပ်စပ်ပါတတ်တော့ အဲဒီနေ့ကလည်း အိမ်ကနေ အလံတွေကိုခိုးဝှက်ပြီး ယူသွားတယ်။မှတ်မှတ်ရရ ကျနော်တို့ပန်းဆိုးတန်းဂုံးတံတားအောက်မှာ လူစုတယ်ဗျ၊အဲမှာ ကျနော်တို့ ကျောင်းကသူငယ်ချင်းတွေစုပြီးနေတယ်။
ရုပ်ရှင်ရုံတန်းလမ်းက ဖြတ်သွားရင် ကျောင်းသားအချင်းချင်း မျက်စိနဲ့နည်းနည်း အချက်ပြပြီး ပန်းဆိုးတန်း ဂုံးတံတားအောက်မှာစုကြတယ်၊ပြီးတော့ကျနော်တို့ သပိတ်စမှောက်တယ်ပေါ့ဗျာ။ သပိတ်မှောက်ပြီးတော့မှအဲဒီမှာ ဘေးနားမှာ ရှိတဲ့ အကြော်ဆိုင်နားက ၀ါးလုံးကိုယူ၊ အလံကိုတပ်ပြီးတော့မှ အလံထောင်ပြီး စပြီး သပိတ်မှောက်တယ်၊ အလံက ဇောက်ထိုးကြီးပေါ့၊အမှန်က အလံကို တမင်တကာ ဇောက်ထိုးကြီးလုပ်တာ မဟုတ်ပါဘူး၊ သိတဲ့အတိုင်းပဲကဗျာကယာလုပ်ရတဲ့ အခါကျတော့
အဲဒီအတိုင်းကြီးဖြစ်သွားတာပေါ့နော်။
ကျနော်ကလည်းအလံကိုင်ပြီး ရင်ကော့ပြီး သပိတ်နဲ့ပါသွားတာပေါ့...သိပါတယ်အဲဒီခံစားချက်က ဘယ်လိုဆိုတာကို။ ကျနော်တို့ အလံကိုင်ထားတဲ့သူတွေရဲ့၊နောက်ကနေ လူတွေပါလာတယ်။ အဲလို ကျနော်တို့ သွားတဲ့ ကျောင်းသားတွေကိုပြည်သူတွေကလည်း အားပေးတယ်ပေါ့။
အဲလိုသွားနေတုန်း ကျနော်တို့အရွယ်ကောင်မလေးတယောက်ကပဲ ၊ အသက်ကလည်းကျနော်တို့လောက်ပဲ ရှိမယ်၊ရွယ်တူပေါ့ဗျာ သူက သံပုရားသီးစိတ်လေးတွေကိုခပ်သေးသေးစိတ်ပြီး ဆားနဲ့နယ်ပြီး ပလပ်စတစ်အိတ်လေးထဲထည့်ပြီး လိုက်ဝေတယ်၊ကျနော်တို့လို အလံကိုင်ထားတဲ့ လက်မအားတဲ့ ကျောင်းသားတွေကိုတော့ သူကပါးစပ်ထဲလိုက်ခွံပေးတယ်။ အဲဒီကောင်မလေးက ကျနော့်ရှေ့ရောက်လာတော့ကျနော်ကလည်း လက်မအားတော့ ပါးစပ်ထဲကို သံပုရာသီးစိတ်လေးထည့်ပြီး ခွံပေးတယ်။
အဲဒီနေ့က မိုးတွေကလည်း ရွာနေတော့ ကျနော်တို့လည်း မိုးစိုကြတယ်၊ ကျနော်ကမိုးစိုထားတဲ့ ပုဆိုးနဲ့ ဆိုတော့ ခြေလှမ်းလှမ်းတိုင်း တုပ်တုပ်ပြီးတော့လမ်းလျှောက်လို့ မကောင်းဘူး။ ကျနော်က ပုဆိုးပြင်ဝတ်ချင်တာနဲ့အဲဒီကောင်မလေးကို ကျနော်က အကူအညီတောင်းတယ်။ ငါ ပုဆိုးဝတ်ချင်လို့ အလံကိုခဏလောက် ကိုင်ပေးပါလားဆိုပြီးတော့ သူကလည်း ရတယ်။သူက အလံယူပေးတယ်၊ သူကလည်းဘယ်ကျောင်းကလဲ မသိဘူး။ သူ့ဆီက နေ ကျနော်က သူ့ကြွပ်ကြွပ်အိတ်လေးကိုကိုင်ပြီးတော့ သံပုရာသီးစိတ်လေးတွေကိုလည်း ကျနော်လည်းစားတယ်၊ ဘေးနားမှာရှိတဲ့လူတွေကိုလည်း ခွံ့ကျွေးတယ်၊ ပုဆိုးတွေဘာတွေလည်းပြန်ပြင် ၀တ်ပြီးတော့ကျနော်က ကောင်မလေးဆီကနေ အလံပြန်တောင်းတယ်။
အဲဒီမှာ သူက ရတယ် ငါပဲ ဆက်ကိုင်လိုက်တော့မယ်လို့ ပြောတယ်။အမှန်အတိုင်းပြောရရင်တော့ ကျနော်ကလည်းအလံကိုင်ချင်တာပေါ့နော်၊ ရှေ့ကနေ အလံကိုင်ပြီးသွားချင်တာပေါ့။ဒါပေမဲ့ ကောင်မလေးကလည်း မပေးတော့ဘူးဆိုတော့အေးရတယ် ထားလိုက်တော့ ဆိုပြီးတော့ဒီအတိုင်းပဲ ဆက်လျှောက်ခဲ့တာ။ပြီးရောဆိုပြီး ကျနော်က နောက်မှာရှိတဲ့လူတွေကို သံပရာသီးစိတ်လေးတွေကိုပေးရင်းပေးရင်းနဲ့ ကျနော်က နောက်ဘက်ကို ရောက်သွားတယ်။နောက်ရောက်သွားတော့အသံကြားလိုက်မိတဲ့အချိန်မှာက…. ဂျပန်သံရုံးဘက်ကနေ စစ်ကားတွေ ထွက်လာတာပဲ။အံ့သြနေတုန်းမှာ ပစ်တော့တာပဲ...။
ဟိုးအရင်တုန်းက ဆိုရင် ရှေ့မှာ အရင်ကာပြီး တားတာတွေ ဘာတွေတွေရှိတယ်၊ပြီးမှ ပစ်မယ်ဆိုတာ ရှိတယ်လေ၊ အခု အဲလိုမဟုတ်ဘဲနဲ့ ဂျပန်သံရုံးဘက်က စစ်ကားကမေါင်းထွက်လာပြီး၊ ပိတ်ပြီးတော့မှ ကျောင်းသားတွေကို ပစ်တာဗျ၊ကျနော်တို့လည်း အံ့သြနေတုန်းပဲ ပိတ်ပြီး ပစ်တော့အခါမှာ…အဲဒီမှာကျနော့်အလံကို ကိုင်ထားတဲ့ ကောင်မလေး ထိပြီး ပွဲချင်းပြီးပဲ သေသွားတယ်။သေသွားတာကို ကျနော်မြင်နေရတယ်။ သူ့ကို။ အဲဒီမှာ ကျနော်...အရမ်းမုန်းသွားတယ်။
.....ကျနော် အရမ်းမုန်းသွားတယ်။....
….အဲဒီရှေ့မှာတော့ ကျနော် တောက်လျှောက်ပါသွားပြီပေါ့ ဇွန်၊ ဇူလိုင်မှာ တောက်လျှောက် လုပ်ခဲ့တဲ့ သပိတ်တွေ အရေးအခင်းတွေမှာပါခဲ့ပြီ။
အဲဒီ ၈၈ခုနှစ်မှာပဲ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အစာအငတ်ခံဆန္ဒပြပွဲထင်တယ်၊ ၃၆ နာရီကြာတယ်ဗျ၊ ဆေးရုံကြီးဝန်းထဲမှာလုပ်တယ်။ ။
အဲဒီမှာအဲဒီရှေ့မှာတော့ ကျနော် တောက်လျှောက်ပါသွားတယ်ဗျ၊ ဇွန်၊ ဇူလိုင် မှာလုပ်တဲ့ အရေးအခင်းတောက်လျှောက်ပါသွားပြီ။
ကျနော်ပြောချင်တာက ကျနော်တို့ သပိတ်မှောက်စဉ်၊ အော်စဉ်ကာလကဒီမိုကရေစီရရှိရေးလို့ ကျနော်တို့ မအော်ခဲ့ဘူး၊ ကျနော်တို့အော်ခဲ့တာက''သပိတ်သပိတ် မှောက်မှောက်''၊ ''ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး'' နဲ့ '' ဖမ်းဆီးကျောင်းသားများလွှတ်ပေးရေး'' ။ ဒါပဲ ကျနော်တို့အော်ခဲ့ပြောခဲ့တာ၊အဲဒီအချိန်တုန်းက နေ၀င်းအစိုးရ ပြုတ်ကျပါစေ ကျနော် မအော်ခဲ့သေးဘူး။
...ဆိုတော့ ဒီဟာပဲ ကျနော်တို့အော်ခဲ့တာ၊ ဒီဖမ်းဆီးကျောင်းသားလွှတ်ပေးတာကရှင်းတယ်၊ ကျနော်တို့ စာသင်ခန်းထဲမှာ အေးအေးဆေးဆေးစာသင်နေခ်ျိန်မှာကျနော်တို့ သူငယ်ချင်းတွေက အကျဉ်းထောင်ထဲမှာ ရှိနေမယ်ဆိုရင် ကျနော်တို့လွတ်လွတ်လပ်လပ်နဲ့ စိတ်ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့စာသင်နိုင်မှာမဟုတ်ဘူး၊ကျောင်းသားသမဂ္ဂကကျတော့ ဒီလိုမျိုး အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ မိသားစုတွေကို နစ်နာကြေးတစ်ခုခုပေါ့၊ နောက်ပြီးတော့ကျောင်းသားအခွင့်အရေးကာကွယ်ဖို့ ရှိဖို့လိုအပ်တယ်၊ဟိုတုန်းကတော့ရှိတယ်၊ဒီ့အတွက် သမဂ္ဂ ပြန်ဖွဲ့စည်းဖို့ လိုအပ်တယ်၊ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးဆိုတဲ့ အခွင့်အရေးပဲတောင်းခဲ့တာပါ။
ကျနော့် စိတ်ထဲမှာလည်း နင့်နင့်သည်သည်းသည်းနဲ့ပေါ့ဗျာ၊တကယ်ကိုကျောင်းသားတွေကို ပစ်တယ် ဆိုတဲ့ စိတ်နဲ့ တောက်လျှောက် ပါသွားခဲ့တာ။ နောက်ဒေါက်တာမောင်မောင် တက်လာပြီးထင်တယ်၊ ၂၄ သြဂုတ် နောက်ပိုင်းမှာဖြစ်လိမ့်မယ်ထင်တယ်။ ၃၆ နာရီ အစာအငတ်ခံဆန္ဒပြပွဲမှာလည်း ကျနော်ပါတယ်၊ နောက် ၄၈ နာရီ လှည်းတန်းမှာ တန်းစီတယ်၊ ၄၈ နာရီပြီးတာနဲ့ ၇၂ နာရီကမြို့တော်ခန်းမမှာရှိတယ်၊ အဲဒီအချိန်ထိ ကျနော်က တောက်လျှောက်ပါနေတယ်။
နောက် စမ်းချောင်းရှေ့မှာ သပိတ်မှောက်ဖို့ရှိတယ်ဆိုတော့ ကျနော်မထနိုင်တော့ဘူး။ စိတ်ကတော့ သွားချင်တယ်၊ ပုံကျသွားတယ်၊ လဲသွားတယ်၊မေမေကလည်း လာငိုနေတာရှိတယ်၊ အဲဒီတုန်းကလည်း အသက်က ၁၄ နှစ်သား၊ ၁၅လောက်ပဲရှိသေးတာလေ၊ အဲဒီနေ့က ကျနော်ကလည်း မလိုက်နိုင်တော့ဘူး၊အရှေ့ရက်တွေမှာ ပင်ပန်းနေတာဆိုတော့ သွားချင်ပေမဲ့လည်း မလိုက်နိုင်တော့ဘူး၊အဘွားနဲ့ မေမေကလည်း နင်သွားမနေပါနဲ့၊ နင်မပါလည်း အခု ပါမှာကအများကြီးပဲဟာကို၊ နားပါဦးတဲ့၊ အဲဒီလို
အိမ်မှာနားနေနရတဲ့အချိန်မှာတင်စက်တင်ဘာ ၁၉ ရက်နေ့ မှာ စစ်တပ်က အာဏာသိမ်းသွားတယ်...။
ကျနော်လည်းတော်တော်စိတ်မကောင်းဖြစ်သွားတယ်။အိပ်ရာထဲကနေ တော်တော်လည်း မထနိုင်တော့ဘူး။
(၂)
သိလား...အဲဒီလို အာဏာသိမ်းပြီးတဲ့နောက်ပိုင်း GROUP လိုက်ပြန်ပါလာတာကဒေါ်ခင်ကြည်ဈာပနပေါ့၊ ဒေါ်ခင်ကြည်ဈာပနက 89 မှာပေါ့၊ အဲဒီအရှေ့မှာတော့ပါတီတွေ၊ ပါတီတွေ အဖွဲ့လေးတွေတော့ ရှိနေတယ်ပေါ့နော်၊ အဲအချိန်မှာပဲ ကျနော်ကဗကသ အဖွဲ့မှာ ပါခဲ့တယ်၊ အဲမှာ ကျနော်တို့ကို ကဒ်ပြားထုတ်ပေးတယ်၊ကျနော့်မှာတော့ မရှိတော့ဘူး၊ member cardတွေထုတ်ပေးတယ်၊ အဲဒီမှာ ကျနော်ဗကသကနေပြီးတော့ တောက်လျှောက်လုပ်ခဲတယ် ဆိုတော့ ကျနော် မှတ်မိတာက second January လားမသိဘူး။
အဲဒီ ဒေါ်ခင်ကြည်ဈာပန ပြီးတဲ့အခါမှာ ကိုဖုန်းမော် 13 March မှာပြန်ဆုံတယ်။ပြီးတဲ့အခါ ကြားကာလမှာ ဗကသမှာ ရှိနေတဲ့ အထတန်း ကျောင်းသားတွေက အကသရယ်၊အခသရယ်ဆိုပြီးတော့ ရှိတယ်ပေါ့နော်၊ ဆိုတော့ ရန်ကုန်ခရိုင်နဲ့ရန်ကုန်တိုင်းနဲ့ နှစ်ဖွဲ့ ဖြစ်နေတယ်၊ အဲအချိန်မှာပဲ ဗကသနဲ့ မကသနဲ့နှစ်ဖွဲ့ဖြစ်သွားတယ်၊ ကျနော်တို့ဖြစ်ချင်တာက ကိုပေါ်တို့၊သူတို့တွေပြောခဲ့တာက ဘာတွေပြောခဲ့လဲဆိုတော့ ကျနော်တို့ကို state ကျောင်းသားတွေက stateကျောင်းသားပြန်သွားပြီးမှ စုစုစည်းစည်းလုပ်ပါ၊ကျနော်က ၉ တန်းကျောင်းသားပဲဖြစ်တယ်လေ၊ ဆိုတော့ အဲမှာပြန်သွားပြီး ကျနော်အကသမှာလုပ်တယ်၊ ကျနော်က အလုံ ၄ မှာဆိုတော့ အကသမှာပဲမြို့နယ်တာဝန်ခံပေါ့နော်၊ လုပ်ရင်းနဲ့မှ သူငယ်ချင်း ချိုကြီး ဆိုတာရှိတယ်၊အဲမှာ ကျနော်တို့ ရင်ဆိုင်ရတာက ဘာပြဿနာနဲ့ စပြီးရင်ဆိုင်ရလဲဆိုတော့ အဲဒီမှာကျနော်တို့ ကျောင်းတက်ရေး၊ မတက်ရေးစပြီး ရင်ဆိုင်ခဲ့ရတယ်။
အဲဒီအချိန်မှာ ပါတီတွေကလည်း ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးရင်ဆိုင်နေကြရတယ်။ အဲတော့ ကျနော်တို့တွေက ကျောင်း မတက်ရေးသမားတွေပေါ့ရှေ့မှာတုန်းကလည်း ပြောထားတယ်နော် ကျနော်တို့ ကျောင်းသားတွေက ဆုံးဖြတ်ခဲ့တာရှိတယ်ပေါ့နော်၊ အဲဒီဆုံးဖြတ်ချက်တွေထဲမှာ ဘာတွေပါသလဲဆိုတော့ဒီအေးချမ်းစွာ ပညာသင်ကြားခွင့်ဆိုတဲ့ အနေအထားမျိုးမှာ ကျနော်တို့ညီအကိုတွေက ထောင်ထဲမှာရောက်နေတယ်၊ ကျနော်တို့တွေကဒီမှာရောက်နေတယ်၊အဲလိုဆိုရင် ကျနော်တို့တွေကဘယ်လိုမှအေးအေးချမ်းချမ်းစာသင်နိုင်မှာမဟုတ်ဘူး၊ ဒါ့အတွက်ကျနော်တို့ညီအကိုတွေကို လွှတ်ပေးဖို့၊ စသဖြင့် ပြောခဲ့တာရှိတယ်၊ အဲဒီအတွက်အေးချမ်းစွာ ပညာသင်ကြားခွင့်ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီးတော့ ရှေ့ ကဆုံးဖြတ်ချက်တွေကို လေးစားသောအားဖြင့်
ကျနော်တို့က ကျောင်းမတက်ရေးကို ဦးစားပေးခဲ့တာဖြစ်တယ်။
အဲဒီမှာ သူငယ်ချင်းတွေက ကျောင်းတက်ရေးနဲ့သွားချင်တဲ့ သူတွေရှိတယ်။တက်ပြီးရင် ဘာလုပ်မလဲ ဆိုတော့ ပြန်သပိတ်မှောက်မယ်ပေါ့ အဲလို စိတ်ကူးကြတာ။အဲဒီမှာ ကြားလိုင်းဘယ်လို ကျလာသလဲဆိုတော့ ကျနော်တို့က ၈၈ ပုံစံအတိုင်းလူထုအုံကြွမှု တခု ပြန်ဖန်တီးမယ်ပေါ့။ ပြောက်ကျား Strikeလေးတွေပေါ်နော်၊ဟိုနေရာတကွက် ဒီနေရာတစ်ကွက် လုပ်ကြတာ ရှိတယ်။ မှတ်မှတ်ရရ ၁၉၈၉ မတ်လက စတာ ၊မတ်လ ၂၇ ရက်နေ့က မှတ်မှတ်ရရပဲ။ အဲဒီနေ့က ပြောက်ကျား Strikeလေးတွေကိုဈေးတွေမှာ လိုက်လုပ်တယ်၊ မြို့ထဲတွေလည်းလိုက်လုပ်တယ်၊ အဖွဲ့တွေခွဲပြီးတော့ လိုက်လုပ်ကြတာ။ အဲဒီလိုလုပ်ရင်း ကျနော် အဖမ်းခံရတာက ဇွန် ၂၉မှာ အဖမ်းခံလိုက်ရတယ်။
အပိုင်း (၃)ကျနော်အဖမ်းခံရတာကလည်း ရွှေဒင်္ဂါးလက်ဖက်ရည်ဆိုင်မှာ အဖမ်းခံရတာ။
အဲဒီနေ့က နေ့လည် ၁၁နာရီလောက်မှာ ကျနော်တို့ Strike လုပ်ကြတယ်၊အဲဒီနေ့ကလည်း မိုးတွေ ရွာနေတယ်။ ကျနော်တို့ တရားဟောတယ်၊တရားဟောပြီးတော့ပြန်အဆင်းပြီးမှ ညနေ ၃နာရီခွဲ ၄နာရီလောက်မှာကျနော်တို့ရဲ့ ဗကသတိုင်းရုံးရှိတဲ့ မောင်ထော်လေးလမ်းက ဂေါ်စတာကိုပြန်လာကြတာ။ အပြန်လမ်းမှာရွှေဒင်္ဂါးလက်ဖက်ရည်ဆိုင်ဝင်ပြီး လက်ဖက်ရည်ဝင်သောက်ကြတယ်။ အဲဒီ့အချိန်မှာကျနော်တို့ကို ၀င်ဖမ်းသွားတာ။
ဖမ်းပြီးတော့ ကျနော်တို့ကို ပန်းပဲတန်းရဲစခန်းကို ခေါ်သွားတယ်။ အဲဒီကနေကျနော်တို့ အင်းစိန်ကို ပါသွားတယ်။ အဲဒီလို အဖမ်းခံရပြီးသိပ် မကြဘူးဗျာ၊ဇူလိုင်မှာ ပြန်လွတ်လာတယ်။ အထဲမှာ ၁၄ ရက် နေရပြီး ပြန်လွတ်လာတာ။
အဲဒီမှာ လူက ဘာဖြစ်သွားလဲဆိုတော့ အသက်ကလည်း ငယ်ပေမဲ့အထက်တန်းကျောင်းသား၊လှုပ်ရှားမှုတွေမှာ ပါနေတော့ စာရင်းပေါက်သွားတယ်။စာရင်းပေါက်နေတော့ လှုပ်ရှားလို့လည်း မကောင်းတော့ဘူး။အဲဒီမှာ စမ်းချောင်းကသူငယ်ချင်း ချိုကြီးနဲ့ ကျနော်နဲ့နေရာလဲဖို့ဖြစ်သွားတယ်။တကယ်တော့ချိုကြီးက တောထဲသွားဖို့ပေါ့၊ ကျနော်ကတော့ကျောင်းတက်ရင်း မြို့ပေါ်မှာလှုပ်ရှားမယ်ဆိုပြီး စီစဉ်ထားကြတယ်။ခုတော့ကျနော်က လှုပ်ရှားရတာ ကြပ်သွားတော့ ချိုကြီးနဲ့ နေရာလဲပြီးတော့ ကျနော်ကတောထဲကို ရောက်သွားခဲ့တာ။
တကယ်တော့ ကျနော်ထောင်မကျခင်မှာကတည်းက ကျနော်တို့က အိမ်တွေမှာမနေကြတော့ဘူး။ နေလို့လည်းမရတော့ဘူးပေါ့။ဒါကတော့ နိုင်ငံရေးလုပ်တဲ့ကျောင်သားတိုင်းက အိမ်တွေမှာ မနေကြတော့တာများတယ်။ ဘယ်တွေမှာ နေကြလဲ ဆိုတော့ပါတီတွေမှာ နိုင်ငံရေးလုပ်တဲ သူငယ်ချင်းတွေရဲ့ အခန်းတွေမှာလျှောက်နေကြတာများတယ်။ ကျနော်သွားနေတဲ့ပါတီက ဗမာ့မျိုးချစ်လူငယ်များအစည်းအရုံး။ ဒါရိုက်တာ ချိုတူးဇော်ရဲ့ အိမ်။ ဟီးဟီး…သူ့အိမ်သူ့အိမ်၊ သူ့အိမ်မှာ ကျနော်တို့အဖွဲ့က အဲဒီမှာ သွားနေတယ်။ ကျနော်က အဲဒီမှာ ပုံမှန်နေတာများတယ်။နေတာများတယ်ဆိုတာကညအိပ်တယ်ပေါ့ဗျာ။ ထမင်းကတော့ သိတဲ့အတိုင်း တွေ့ရာနေရာမှာ ဖြစ်သလိုစားတယ်ပေါ့ဗျာ။ အစားအသောက်လည်း ဂရုမစိုက်မိကြပါဘူး။ အဲလို နေကြတယ်ပေါ့။
အဲဒီလို တောထဲစပြီး သွားတဲ့အချိန်မှာ ကျနော့်ဆီမှာလက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်တာတို့ AB တို့ဘာတို့ မရှိဘူးဗျ။ ကျနော့်စိတ်ထဲမှာ ရှိတာက မတရားမှုကို တော်လှန်ချင်တယ်ဗျာ။ပြီးတော့ ထောင်ထဲမှာရှိနေတဲ့ ကျနော့်သူငယ်ချင်းတွေကို ကျနော် ပြန်ထုတ်ချင်တယ်ဆိုတဲ့ စိတ်ပဲရှိခဲ့တာ။
ထောင်ထဲကနေ ထွက်တော့လည်းကျနော် တကယ်ကို မျက်ရည်ကျခဲ့တာကိုး။ ထောင်ထဲမှာလည်း အတူတူလုပ်ခဲ့တဲ့ သူငယ်ချင်းတွေလည်း ကျန်ခဲ့တယ်။
တကယ်တော့ထောင်ထဲက ထွက်လိုက်တော့ ကျနော်ပိုဆိုးသွားတယ်။ပိုဆိုးသွားတယ်ဆိုတာကဘယ်လိုပြောရမလဲဗျာ၊စောစောတုန်းက ကျနော်က စိတ်နာတာပဲရှိတယ်။ထောင်ထဲရောက်သွားပြီးတဲ့အခါ ပိုနာလာတယ်။ဘယ်လိုခေါ်မလဲစိတ်ထဲမှာတော်တော်လေးကို နာသွားတာ ကိုယ့်သူငယ်ချင်းတွေကလည်းထောင်ထဲမှာကိုး။ အဲဒီတုန်းက မှတ်မှတ်ရရ ဗိုလ်မှူးဝေလှိုင်၊ အန်အယ်ဒီက ၊နောက်ကိုအောင်ဇံအေးတို့ ပြီးတော့ အရေးအခင်းတုန်းက ဗိုလ်ကြီး စည်သူဆိုပြီးတော့မှ ဖြစ်တဲ့ အဖွဲ့ရှိသေးတယ်။ သူတို့အဖွဲ့က မဂိုလမ်းထိပ်မှာဒေါ်အောင်ဆန်းစုကြည် အကြောင်းကို စာရွက်တွေနဲ့ လိုက်ပြီး ဖြန့်ပေးတာ အဲဒါကဗိုလ်ကြီးစည်သူပေါ့။
သူက ၂၉ လမ်းနဲ့ မဂိုလမ်းမှာ ရှိနေတဲ့ အဖွဲ့တွေကဖမ်းလိုက်တာပြီးတော့ ၈၈ ပြီးချိန်မှာ ဗိုလ်ကြီးစည်သူတို့အဖွဲ့ကိုတာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ ပြန်စွဲချက်တင်တာ။
ထောင်ထဲမှာ ကျနော်နဲ့အတူတူနေခဲ့တာကဗိုလ်မှူးဝေလှိုင်နေခဲ့ရတယ်၊နောက်အင်းစိန်က အန်အယ်ဒီစည်းရုံးရေးမှူးလားမသိဘူး နောက်ခွန်စံနေခဲ့ရတယ်နောက် အကသက ကိုဝဏနေခဲ့ရတယ်။ ပြန်ထွက်လာတဲ့အချိန်မှာကျနော့်စိတ်ထဲမှာ နေလို့မရတော့ဘူး၊နေမရဘူးဆိုတာက လူငယ်လည်း လူငယ်ဖြစ်တယ်။ခံစားမှုကလည်း အရမ်းမြင့်တယ်၊ခံစားတယ်။ ငါ့သူငယ်ချင်းတွေကျန်တယ်..အဲလိုဆိုတော့ ပြန်ထွက်လာရပေမဲ့စိတ်ပျက်တာတွေချည်းခံစားရတယ်။နောက် အဖွဲ့တွေကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့တွေမှာကွဲတာလေးတွေရှိနေတယ် ထုံးစံအတိုင်းပေါ့နော်။
ပြီးတော့ အဲဒီမှာ ကျနော်ခံစားရတာက ကျနော့်ကိုလက်မှတ်ထိုးပြီးထွက်လာတယ်လို့ စွပ်စွဲကြတာ ရှိတယ်။ နောက် ထောက်လှမ်းရေးပုံသဏ္ဍဖြစ်တယ်လို့ပြောတာ ရှိတယ်။ထောက်လှမ်းရေးဖြစ်သွားတယ်၊အင်ဖော်မာဖြစ်သွားတယ်လို့ကျနော့်ကို ပြောကြတာတွေ စွပ်စွဲကြတာတွေ ရှိတယ်။
အဲဒီလို ပြောခံရတော့ ကျနော့်အနေနဲ့ အဲဒီ ကျနော်ရဲ့ Nature လေးကိုနည်းနည်းလေး ပြောပြချင်တယ်။အဲဒါက ဖြစ်မှာပဲ ဘာဖြစ်လို့လဲ ဆိုတော့အဲဒီအချိန်တုန်းက ထောက်လှမ်းရေး ၇ က တပ်ကြပ်ကြီး စန်းကြွယ်ဆိုတာရှိတယ်။အဲဒီတုန်းက ကျနော်တို့ စမ်းချောင်းမြို့နယ်ကို ကိုင်တာ။ သူကကျနော်တို့တွေကို ဘာလာပြောလဲဆိုတော့ ဘယ်အစိုးရ တက်တက်၊ ငါတို့ အစိုးရပဲ၊ငါတို့ဟာ မင်းတို့နဲ့ အတူတူ ရှိတယ်။ ..ပေါ့၊ သိတယ်မဟုတ်လား…။ အဲဒီလိုမျိုးစကားတွေနဲ့ ပုံဆန်တွေ လာလာ လာလာ ပြောတာရှိတယ်။
လာလာ ပြောတာ ရှိတယ်ဆိုတော့ ကျနော်တို့အနေနဲ့လည်း သူတို့လာပြောတာကိုမပြောနဲ့လို့ ပြောဖို့ခက်တယ်။ ခင်ဗျား ကျနော်နဲ့ လာမပြောနဲ့လို့ပြောဖို့ခက်တယ်လေ၊ အရမ်း ရိုင်းရာ ကျသွားလိမ့်မယ်လို့ ကျနော်စဉ်းစားခဲ့တယ်။ နောက် သူက ကျနော်တို့အဖွဲ့တွေလက်ဖက်ရည်သောက်တဲ့အချိန်မျိုးတွေမှာ လာလာ ရှင်းသွားတယ်။ လက်ဖက်ရည်ဖိုးတွေရှင်းရှင်းသွားတာ ကျနော်က မသိရဘူး။ မသိရဘူးဆိုတာက လက်ဖက်ရည်ဖိုးရှင်းမယ်ဆိုတဲ့ အချိန်ရောက်တော့မှ ရှင်းပြီးသွားပြီ။ ဘယ်သူ ရှင်းသလဲ ဆိုမှအဲဒီထောက်လှမ်းရေးက ရှင်းသွားတာ။အဲဒီ ပုံသဏ္ဍန်ပေါ့။ ဒါက ကျနော် ထောင်ထဲမကျခင်မှာက ဖြစ်ခဲ့တဲ့ ပုံသဏ္ဍန်ပေါ့။
အဲဒီမှာ ထောက်လှမ်းရေးက အဲဒီထိ လာပြီးတော့ ထိတွေ့ဆက်ဆံတာတွေရှိတယ်။အဲလို ထိတွေ့ဆက်ဆံတယ်ဆိုတာ ကျနော်တယောက်တည်းကိုပဲထိတွေ့ဆက်ဆံတာမဟုတ်ဘူး။အားလုးကို ထိတွေ့ဆက်ဆံတယ်အဲဒီပုံစံအတိုင်းပဲ။ လူတိုင်းကို သူတို့ကအဲဒီပုံစံနဲ့ ထိတွေ့ဆက်ဆံပြီးလုပ်နေတာပဲ ကျနော် ဆိုလိုချင်တာလေ။
အဲဒါကို ကျနော်တို့ ချင်းလည်းပြောနေကြတာပဲ ။ ပြောနေကြတာပဲဆိုတာကလည်းဟာ ဒီကောင်ကတော့ အင်ဖော်မာဖြစ်မလားမသိဘူးဆိုတာမျိုး ပြောနေကြတာပဲ။ ဥပမာအဖမ်းခံရခါနီးတယောက်ဆိုရင်ပြောလိုက်တယ်ဗျာ သူ့ကို သတိထားခိုင်းလိုက်ဦးငါတို့ဒီမှာစောင့်ကြည့်နေတယ်ပေါ့။ ကျနော်ကနေ နောက်တယောက်ကိုပြောလိုက်တယ်ပေါ့နောက် ကျနော်နဲ့ တိုက်ရိုက်မသိဘူးဆိုရင်လည်း ကျနော်တို့ကနောက်တယောက်ကိုပြောခိုင်းလိုက်တယ်။ အဲလို ပြောလိုက်တဲ့အချိန်မှာ ဒီလူကအဖမ်းခံရသွားပြီဆိုရင်တော့ ဟာ ဒီသတင်း source က ဘယ်ကရလဲ့ နောက်ဆုံးကကျနော့်ဆီကပေါ့ အဲလို ဖြစ်ကုန်တာ။ အမှန်က ကျနော်ကလည်းကျနော့်သူငယ်ချင်းမို့ဖြစ်စေ စိတ်ပူပြီး ပြောလိုက်မိတာပဲ။
အမှန်တော့ သူတို့က အားလုံးနဲ့ ထိတွေ့ဆက်ဆံပြီးတော့ ကျနော်တို့အားလုံးကလည်း သူတို့ကစာ;တဲ့ အကွက်ထဲကို တောက်လျှောက်ကျနေခဲ့တာ။
နောက် ကျနော်တို့ကို သူတို့က စိတ်ကောင်းစေတနာနဲ့အလှူငွေထည့်ချင်တယ်ဆိုတာမျိုးတွေလည်း ရှိတာကိုး။ တခါတလေမှာ ကျနော်တို့မှာ သူတို့ ထည့်တဲ့အလှူငွေကို ယူခဲ့တယ် အဲဒီတုန်းက အဲလိုမှ မယူရင်လည်းတကယ်ကို ဘာမှကိုလုပ်လို့မရတော့လို့ ။ ကိုယ့်ဆီမှာ ပိုက်ဆံရှိရင်တော့မယူဘူးပေါ့၊ ဟာမလိုဘူးကိစ္စ မရှိဘူးပေါ့…။
အဲဒီတုန်းကကျနော်တို့ ထုတ်တဲ့ ကဗျာစာအုပ်လေးတွေ ရှိတယ်သွေးမော်ကွန်းတို့ ဘာတို့ပေါ့၊အဲဒီကဗျာ စာအုပ်တွေ ဘာတွေဆိုရင်လည်းသူတို့က ၀ယ်ပေးတယ်ပေါ့ဗျာ။ကျနော်တို့အနေနဲ့ သူတို့ကို သိသိချည်းနဲ့ရောင်းလိုက်ရတာမျိုးတွေလည်းရှိတယ်။ အဲဒီအချိန်မှာ ကဗျာ စာအုပ်တအုပ် ၂၅ကျပ် ဆိုတာ နည်းနည်းနောနောပိုက်ဆံ မဟုတ်ဘူး။ လက်ဖက်ရည်တခွက်တောင်မှ ငွေ၁ကျပ် ခေတ်ဆိုတော့ ၂၅ကျပ်ဆိုတာ တော်တော်များတယ်။ အဲဒီလိုလုပ်တာကလည်းကျနော်တို့ စာရွက်တွေဝေချင်လို့ စာရွက်ဝေဖို့ကျနော်တို့မှာပိုက်ဆံလိုတယ်။ အဲဒါတွေလည်းရှိခဲ့တယ်ပေါ့။
နောက် ကျနော် ထောင်ထဲက ပြန်ထွက်လာတော့လည်း အဲဒီမှာပိုပြီးနည်းနည်းလေးဆိုးသွားတာက နောက်မှ ကျနော်ပြန်သိရတာက ဟုတ်၏ ..မဟုတ်၏ ကျနော်သေချာမသိဘူးနော်။ ကျနော်နဲ့ အတူတူ ထောင်ကျတဲ့ သူငယ်ချင်း တယောက်ရှိတယ်ငြိမ်းငြိမ်းဇင် ဆိုတာ သူက ကျနော်နဲ့ အမှုတွဲပေါ့။ သူ့အိမ်ကလိုက်တယ်ပြောတယ်။ သူ့အိမ်က အဲလို မိန်းကလေးလည်း မိန်းကလေး ဆိုတော့လေ၊သူ့အိမ်က လိုက်တယ်ပေါ့။ အဲလို ပြောခံရပြီး ကျနော်က ပြန်ထွက်လာရတယ်။ အခြားအကသ တွေက အထဲမှာ ရှိနေတယ်။ ကျနော်တို့ အမှုတွဲ ၃ယောက်က လွတ်လာတယ် ဒါပေမဲ့ဘာဖြစ်လို့လွတ်လာသလဲ ဆိုတာ ကျနော်မသိဘူး၊ ငြိမ်းငြိမ်းအိမ်က လိုက်တယ်ဘာညာဆိုတာကလည်း ထောင်ထဲက လွတ်လာပြီးမှ သူများပြောသံကြားရတာပေါ့ကျနော်တကယ်မသိခဲ့တာပါ။
နောက် ကျနော် ထောင်ကနေ လွတ်လာတဲ့အတွက်အခြားသူတွေကတော့ မလွတ်ဘူးသူကတော့လွတ်လာတယ်ပေါ့ အဲလိုလို အဖွဲ့တည်းမှာလည်းမေးစရာလေးတွေမေးငေါ့တာလေးတွေ ရှိလာတာပေါ့။ အဲဒီမှာ ကျနော့်ကိုတံဆိပ်ကပ်လိုက်ကြတယ်။
ဒါပေမဲ့ ကျနော်မှာ ခံစားနေရတာ ဆိုးတာက ကျနော်က ယူနီဖောင်းမြင်ရင်ကိုမခံစားနိုင်တော့ဘူးဖြစ်လာတာ။
ပြေးထိုးပစ်လိုက်ချင်တာမျိုးတို့…အဲလို တခုခုလုပ်ပစ်လိုက်ချင်တာ ကျနော့်စိတ်ထဲမှာ။ ဘယ်လိုမှ နေမရဘူးဗျာ။ခံစားဖူးကြတဲ့သူတွေ ရှိရင်တော့ သိလိမ့်မယ်။ ဘယ်လိုမှကိုနေမရခဲ့တာ။ကသိကအောင့်လည်းအရမ်းဖြစ်တယ်။ စိတ်တိုတယ်။ အဲလို တအားဖြစ်တော့နောက်ဆုံးကျတော့ ကျနော်သွားရမဲ့ လမ်းက ဒီတလမ်းပဲ ရှိတော့တယ်။
အဲဒီမှာ တကယ်တော့ကျနော်က တောင်ပိုင်းကိုသွားရမှာ၊ ဒါပေမဲ့မြောက်ပိုင်းရောက်သွားတယ်။ တောထဲကိုရောက်သွားတာကလည်း တကယ်တော့ နံပတ်တစ်ကဒီမတရားမှု တခုကို ဆန့်ကျင်တော်လှန်ချင်တဲ့ စိတ်ဓါတ်တခု၊ နံပတ် ၂ကထောင်ထဲမှာ ရှိတဲ့ ညီအကိုတွေကို ပြန်ပြီးတော့ကယ်ချင်တဲ့စိတ်ပေါ့…ပြောရရင်တော့ ကလေးအတွေးပေါ့။ပြန်ကယ်ထုတ်ချင်တယ်ပေါ့နော်၊ အဲဒီစိတ်နဲ့ ကျနော်တောထဲကို ရောက်သွားခဲ့တယ်။
အပိုင်း(၄)
ကျောင်းသား ရှိတဲ့ နေရာကို ကျောင်းသား ရောက်သွားခဲ့တာပဲ။ ABရယ် ဘာရယ့်ညာရယ် မရှိဘူး။ တောထဲမှာ ငါတို့ ကျောင်းသားတွေ ရှိတယ် ငါတို့ကျောင်းသားရှိတဲ့ နေရာကို သွားမယ်ဆိုပြီး ရောက်သွားတာပဲ။ တကယ်ကိုတော်လှန်ချင်တဲ့ စိတ်နဲ့ မဟုတ်ဘဲ ကျောင်းသားစိတ်ဓါတ်နဲ့ပဲ ရောက်သွားတာပဲ။
အဲဒီအချိန်တုန်းက ကျနော်နဲ့ အတူတူ ထွက်တဲ့ သူငယ်ချင်းကငါတော့မြောက်ပိုင်းကိုသွားမယ်တဲ့ တောင်ပိုင်းမှာက လူများတယ်တဲ့။မြောက်ပိုင်းကလူပိုလိုလိမ့်မယ်တဲ့…အဲဒါနဲ့ မြောက်ပိုင်းကိုသွားကြတာ။ကျနော့်သူငယ်ချင်းနဲ့အတူ မြောက်ပိုင်းလိုက်ချသွားတာ။ ကျနော်တို့ ရန်ကုန်ကအဖွဲ့ပေါ့ ကိုရဲလင်းတို့ကလည်းမြောက်ပိုင်းသွားမယ်ပေါ့နော်။ မြောက်ပိုင်းကိုကမ့်ထဲရောက်တဲ့ အထိ ကားနဲ့ပဲ သွားကြတာ။ ကျနော်တို့က လျှာရှည်ပြီးလမ်းလျှောက်တာပေါ့လေ။
လမ်းကလည်း နည်းနည်းပဲ လျှောက်ရပါတယ်။နောက်ကားနဲ့ ခေါ်တော့ ကားနဲ့ရောက်သွားတာ။အဲဒီမှာ ဘာဆက်ဖြစ်လဲ ဆိုတော့…။
၇.၈.၁၉၈၉ မှာ ကျနော် မြောက်ပိုင်းက ပါဂျောင်စခန်းကို ကျနော်ရောက်သွားကြတယ်။ ကိုမျိုးဝင်းရဲ့ တဲထဲမှာ ကျနော်တို့စတည်းကြတယ်။
၈.၈.၈၉ မှာ အဲဒီစခန်းမှာ ကျဗန်းစကားပြောရှိတယ်။ ၈လေးလုံးနှစ်ပတ်လည်နေ့အထိမ်းအမှတ်ပေါ့နော်။ ကျနော်လည်း ၀င်ပြိုင်တယ်ပေါ့၊အဲဒီနေ့က ကျနော်ကျခဲ့တဲ့ ခေါင်းစဉ်ကို ကျနော် ခုထိ မှတ်မိသေးတယ်။
“ကျနော်သာ ဥက္ကဌ ဖြစ်ခဲ့သော်“ တဲ့...အဲဒါပဲ။
ကျနော်က အဲဒီမှာ ပြောတယ်၊ အဲဒီမှာလည်း ကျနော်က ဆုရတယ်ပေါ့လေ၊ပထမဆုပေါ့။ဒါတွေကတော့ထားလိုက်ပါတော့ဗျာ။ အဲဒါတွေကိုကျနော်သိပ်မပြောချင်ပါဘူး။
ပထမ စခန်းကို စရောက်တဲ့ နေ့ကတည်းက ကျနော် အရမ်းပျော်တယ်။ စိတ်ထဲမှာကိုလွတ်လပ်ပေါ့ပါးပြီးတော့ကို ပျော်တာ။ စိတ်ထဲမှာလည်း ကိုယ့်ညီအကိုတွေ၊ကိုယ်နဲ့ အတွေးတူ အမွေးတူ ကိုယ့်သူငယ်ချင်းတွေပေါ့နော် အဲလိုစိတ်ထဲရှိတယ်လေ။ ပျော်တာပေါ့။
ဒါပေမဲ့ နည်းနည်းလေး ကြာတဲ့အခါမှာ သတိထားမိတာက ဘာသွားပြီးသတိထားမိလဲဆိုတော့ စခန်းမှာနည်းနည်းလေး gap ရှိတယ်ဆိုတာ သွားတွေ့တယ်။ကျနော်တို့နဲ့ သူတို့မှာက …ဘယ်လိုပြောရမလဲ ကျောင်းသားတပ်ဆိုပေမဲ့ လို့ကျောင်းသားချည်း ရှိတဲ့ တပ်မဟုတ်ဘူးလေ။
အဲဒီ gap ကို ABSDFမြောက်ပိုင်း ပါဂျောင်စခန်းမှာ ကျနော်ရောက်ပြီး နည်းနည်းကြာတဲ့အခါမှာ တွေ့လာရတယ်၊ သတိထားမိလာတယ်ပေါ့။
တကယ်တော့ ကျနော်တို့ အကြောင်းအမျိုးမျိုးကြောင့် စစ်အာဏာရှင်စနစ်ကိုတော်လှန်ချင်တဲ့အတွက် ကျောင်းသားအနေနဲ့ ရောက်လာတာတွေ ရှိတယ်။အချို့ကကျောင်းစာသင်ခန်းနဲ့ ဝေးကွာနေတဲ့ လူမျိုးလေးတွေ ရှိတယ်။ကျနော်ပြောချင်တာကအဲဒီလိုလူတွေနဲ့ ကျနော်တို့ကျောင်းသားတွေက Knowledge မှာသွားကွာတယ်ဗျာ။
ဥပမာ ကျနော်တို့က တောထဲမှာ မီးမမွှေးတတ်ဘူး။မီးမမွှေးတတ်ဘူးဆိုတာကျနော်တို့ဆီမှာ မီးမွှေးစရာမလိုဘူးလေ၊ရန်ကုန်မှာဆိုလို့ရှိရင် Rice-Cooker နဲ့ ချက်ချင် ချက်မယ်၊
Hot-plate နဲ့ချက်ချင် ချက်မယ်။ အဲဒါကို ကျနော်တို့ကို မင်းတို့ကရန်ကုန်ကလာပြီးမီးမမွှေးတတ်ဘူးလား ဆိုတော့ …ဟာ ဟေ့ကောင် ငါတို့ကရန်ကုန်မှာမီးမွှေးတတ်စရာမလိုဘူး လို့ ငါတို့ ဆီမှာ hot-plate ရှိတယ်၊ငါတို့ကအိုးထဲကို ဆန်ထည့်လိုက် ရေထည့်လိုက် ခလုတ်နှိပ်လိုက် ဒါဆိုထမင်းကျက်တယ်လို့ ပြောတော့ ကန်တော့ပါရဲ့ဗျာ၊ ရန်ကုန်သား စောက်ကြွားတဲ့…။အဲလိုတွေ ဖြစ်ကုန်ရော။
အဲဒီလိုလေးတွေကနေ စဖြစ်လာတာကို နောက်တော့ မင်းတို့ ရန်ကုန်ဘယ်ရွာကလဲပေါ့။ နောက်ပိုင်းတော့လည်း အဲလိုလေးတွေကနေ အရမ်းရင်းနှီးသွားတာတွေချစ်ခင်သွားတာတွေ ရှိပါတယ်။
အဲဒီမှာ အဲလို သွားရင်းနဲ့ ဇာတ်လမ်းက စဖြစ်တာက အပတ်စဉ် (၅)မှာဇာတ်လမ်းက စဖြစ်တယ်။ အပတ်စဉ် (၅)မှာ စစ်ရုံးမှာ ရေးထားတဲ့စာတမ်းရှိတယ်ဗျာ။ ကျနော်မှတ်မိသေးတယ်။ အဲဒီစာတမ်းဖတ်ပြီးကတည်းက ပြဿနာကစတက်တာပဲ။
သူက အိုင်ဒီရောလော်ဂျီမှာ ပြောတာကလည်း ငါတို့ ရန်သူကိုစစ်ပညာနဲ့တိုက်ခိုက်ရတော့မယ်၊ အဲဒီတော့ မင်းတို့ စစ်သားကောင်းဖြစ်ဖို့လိုအပ်တယ်။စစ်သားကောင်းဆိုတာ ဘာလဲ ဆိုတော့ အမိန့်နာခံတတ်ရမယ်..တဲ့။အဲဒါကိုကျနော်လက်ခံလို့မရဘူး။
အဲဒီမှာ ကိုမျိုးဝင်းနဲ့ ကျနော်တို့နဲ့ ဇာတ်လမ်းက စတော့တာပဲ။ကျနော်တို့တွေက ပြောတာက စစ်သားကောင်းဖြစ်ဖို့ မလိုအပ်ဘူး။စစ်သားကောင်းဖြစ်ချင်ရင်ငါတို့ ဒီကို မလာဘူး။ တပ်ထဲပဲသွားဝင်မယ်။စစ်သားဖြစ်ချင်ရင် DSA တို့ဘာတို့သွားမှာပေါ့။ မင်းတို့ ဆီတောင် မလာဘူး။ငါတို့ လိုချင်တာ တော်လှန်ရေးသမား၊ တော်လှန်ရေးသမားကောင်းဆိုတဲ့အင်္ဂါရပ်ထဲမှာ စစ်သားလည်း ပါချင်ပါမယ်။ ကျောင်းဆရာလည်းဖြစ်ချင်ဖြစ်မယ်။တောင်သူလယ်သမားလည်း ဖြစ်ချင်ဖြစ်မယ်။ ငါတို့လိုချင်တာက တော်လှန်ရေးသမား။
တော်လှန်ရေးသမားပဲ ဖြစ်ရမယ်…ဆိုပြီးတော့ အဲဒီမှာ စပြီးတော့စကွဲကြတာ။ကွဲတဲ့အခါကျတော့ ကွဲတုန်းကတော့ ကျနော်တို့တွေက အားသာတယ်။ လက်ခံကြတယ်။တော်လှန်ရေးသမားကောင်းဖြစ်ရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ကိုမျိုးဝင်းကပြောတာ စစ်သားကောင်းတဲ့ဗျာ။
ပိုပြီး ဆိုးကုန်တာက အဲဒီအချိန်မျာ နောက်ထပ် ပြဿနာထပ်ဖြစ်သေးတယ်။
အဲဒီအချိန်မှာ ကျနော်တို့မှာ လက်ထဲမှာ ပိုက်ဆံလည်း တပြားမှမရှိတော့ဘူး။ ရောင်းစရာလည်း ကုန်သွားပြီ။ ရှိသမျှလည်း ကျနော်တို့အကုန်ရောင်းပြီးသွားပြီ။ အိမ်ကပါလာတာတွေ အကုန်လုံးရောင်းစားလိုက်ပြီးလို့ကို တကယ့်ကို ရောင်းစရာ ဘာမှ မရှိတော့တာ။အဲဒါကကျနော်တို့လို ရန်ကုန်၊ မန္တလေးကနေ သွားကြတဲ့ ကျောင်းသားတိုင်း ကြုံရတဲ့အခက်အခဲပဲ။
အဲဒီမှာ ကချင်ကလာတဲ့ ကျောင်းသားကြတော့ သူတို့ရဲ့ အိမ်နဲ့နီးတယ်လေ။ပြီးတော့ အမြဲတမ်း အဆက်အသွယ်ရှိတော့ ဖျားရင်ပဲဖြစ်ဖြစ်လာပြီးတော့ကြည့်ရှု့ နိုင်တာပေါ့လေ။ အဲဒီတုန်းက နို့မှုန့်ပေါ့ဗျာ၊နို့မှုန့်တို့သကြားတို့ အဲလိုလေး လာပေးနိုင်တယ်။ သူတို့မှာလည်းပိုက်ဆံလိုရင် အိမ်ကိုလှမ်းမှာလို့ရတယ်။
အဲဒီမှာ ထပ်ပြီးတော့ဖြစ်တာက ABSDF ကချင်မှာ စစ်ကိုင်းတိုင်းယာယီကော်မတီရှိတယ်။ အဲဒီ စစ်ကိုင်းတိုင်း ကော်မတီကလည်း သူ့ကော်မတီကတဆင့်ဖျားတဲ့ သူ နေထိုင်မကောင်းတဲ့ သူကို ထောက်ပံ့ပေးရတာ။
ရန်ကုန်ကကြတော့ ရန်ကုန်မှာက ဘယ်သူမှ မရှိဘူး၊ ကျနော်တို့ဘဲရှိတာ။ဒါပေမဲ့ စစ်ကိုင်းတိုင်းက ကျောင်းသားတို့ ကချင်ပြည်နယ်ကကျောင်းသားတို့ကသူတို့ရောက်လာရင် သူတို့ဆီမှာ ရှိရင် အကုန်မျှကျွေးတာ။ဥပမာ ကချင်ပြည်နယ်ကျောင်းသားက သူတို့ကချင်ပြည်နယ် ကျောင်းသားကိုလာပြီးတော့ ပေးတာမှန်သော်ငြားလည်း ကျနော်တို့ကို တွေ့တော့ညီလေးရော့..မင်းတို့လည်းသောက်ပေါ့ ဆိုပြီးတော့ ပေးသွားတာပဲ။ အဲလို လူုတွေမရှိရင် ကျနော်တို့ကအငတ်။ တကယ်ကိုငတ်တာ။ ငတ်တာမှ ဘာမှကို စားစရာမရှိတာ။ကျနော်တို့ စားရတာအဲဒီတုန်းက ဆန်ပြုတ်ပဲ ရှိတယ်။ အစားအသောက်ကိုကျနော်ပြောချင်တာမဟုတ်ဘူးနော်။ ရိက္ခာက ၅ ရက်တခါပေးတယ်၊ အဲဒီမှာချွေချွေတာတာ မစားရင် ၂ ရက်ဆို ကုန်ပြီဗျာ။ ဘာမှ စားစရာမရှိတော့ဘူး။
နောက်...မြောက်ပိုင်း..ပါဂျာင်က အမြင့်ပေ ၆၆၆၇ ပေရှိတယ်၊ရေခဲတယ်။အရမ်းအေးတယ်။ ကျနော်တို့ ရောက်တော့ တော်တော်လေးလည်း အအေးမိပြီးဖျားကြတယ်။
အဲတုန်းက ကျနော့်သူငယ်ချင်း မိုးဟိန်းက ဖျားရော။ ကျနော်ကကိုယ့်သူငယ်ချင်းက ဖျားနေတော့ စကားလုံးကြီးကြီး ကျယ်ကျယ်နဲ့ ပြောရရင် သူနဲ့ကျနော်နဲ့က သေဖော်သေဖက်ပေါ့ဗျာ။ အဲတော့ကျနော်က သူ့ကို အားပေးတယ်ပေါ့ဗျာ။ဟိတ်ကောင် စိတ်မပူနဲ့ပေါ့၊ မင်း ဘာမှ စိတ်ပူစရာမရှိဘူးပေါ့၊ ဘာစားချင်လဲ့ပေါ့။ တကယ်တော့ သူ့ကို အားပေးချင်လို့သာ မေးရတာ ကျနော့်မှာလည်း ဘာမှမရှိဘူး။
သူကလည်း ငတ်နေတာလည်း ကြာပြီ ဆိုတော့ မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ကော်ဖီလေး တခွက်တော့ သောက်ချင်တယ်ကွာလို့ အသံလေးနဲ့ပြောတယ်။ သူပြောတော့ကျနော်ကလည်း ဟာရတယ် ဟိတ်ကောင်၊ ကိစ္စမရှိဘူး။ မင်းကော်ဖီသောက်ရမယ်ပေါ့။
အဲဒီမှာ ကျနော့်မှာ ဘာမှလည်းရောင်းစ၇ာမရှိတော့ဘူး။လက်ထဲမှာလည်းပိုက်ဆံ မရှိတော့ဘူး။ ဒါပေမဲ့ သူ့ကိုကျနော် ကော်ဖီလေးတခွက်လောက်တော့တိုက်ချင်တယ်။ ဘာပဲပြောပြော ဖြစ်အောင်တော့တိုက်မယ်ဆိုပြီးဆုံးဖြတ်တာပေါ့။ နောက် ဆုံးပြောရရင် ကျနော် ခိုးတာ။
လိုင်စင်ကုန်းပေါ်တက်ပြီးတော့ အဲဒီက စတိုးဆိုင်လေးကနေ ကျနော်ကခိုးတာ။အဲဒါကို ပြောရရင် ကျနော်တို့ နှစ်ယောက် သုံးယောက်လောက်က သွားပြီးရှေ့ကနေတယောက် နှစ်ယောက်က ဟိုပစ္စည်း ပြခိုင်း ဒီပစ္စည်းပြခိုင်းနဲ့အရောင်ပြတယ်၊ တယောက်က ကော်ဖီထုတ်တွေ ထားတဲ့ နေရာကိုသွားပြီးခိုးထည့်လာခဲ့တယ်။ အဲ…နောက်ပိုင်းကျတော့ ကျနော်တို့မှာ အဲလိုအယောင်ပြဖို့ကို ပိုက်ဆံ မရှိတော့ဘူး။ မရှိတော့ဘူး ဆိုတာ အယောင်ပြတာကလည်းသူယုံအောင်လို့ ဆေးလိပ်တွေ ဘာတွေဝယ်ပြရတာကိုး ကျနော်တို့က။
အဲဒီမှာ အဲဒီဆိုင်အနေအထားကို ပြောရရင် ပါဂျောင်လမ်းကဆိုင်ထဲကနေကျနော်တို့ ခိုးနေတာကို အဲဒီဆိုင်ရဲ့ ရှေ့ကတောင်ကနေ ဆိုင်ရှင်ကမြင်နေရတယ်။ ကျနော်က အဲဒါကို မသိဘူး။
ကျနော်က ခိုးတာ ဘာကြောင့်ခိုးတာလဲ ဆိုတော့ကျနော့်သူငယ်ချင်းကဖျားနေတယ်။ အဲလိုမှ မခိုးလို့မရဘူးလို့ ကျနော့်စိတ်ထဲထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့
သူငယ်ချင်းကအရမ်းဖျားနေတယ်။ ဘာမှ လည်း ဆေးတွေဘာတွေလည်းရှိတာမဟုတ်ဘူး။ပြီးတော့ကျနော်တို့ ရန်ကုန်ကသွားတဲ့ ကောင်တွေကဗျာ။သိတဲ့အတိုင်းပဲ လက်ဖက်ရည်ကော်ဖီငတ်တယ်ဗျာ။
သူတင်မကဘူး ရှေ့က ကိုပေါက်တို့ ဘာတို့လည်း အဲလို ဖြစ်ခဲ့ဖူးတယ်ဖျားဖူးတယ်၊ မှတ်မှတ်ရရ မိုးဟိန်းဖျားလို့ ခိုးတဲ့ အလှည့်မှာ ကျနော့်ကိုမိတယ်။
မိတော့ ကျနော်ကလည်း ဒါကို ချမထားခဲ့နိုင်ဘူး။မိုးဟိန်းကလည်းအရမ်းသောက်ချင်နေတယ်၊ သူကလည်းဖျားနေတော့ကျနော်ကလည်း သူ့ကိုကော်ဖီလေးတခွက်တော့ တိုက်ချင်တယ်၊ အဲဒါနဲ့ ကော်ဖီထုတ်ကို ယူပြီးပြေးလာတော့တောပဲ။ ပြေးတော့ သူတို့ နောက်ကနေ လိုက်တယ်။ ပြီးတော့စခန်းကိုပြောတယ်ပေါ့နော်။ အဲဒီမှာ ဘာသွားဖြစ်သလဲ ဆိုတော့ လူတိုင်းကိုမဆိုလိုချင်ဘူး အချို့တွေက ရန်ကုန်က သူခိုးတွေ ဖြစ်သွားရော…။ဟီးဟီး..။ရန်ကုန်သားက သူခိုးဖြစ်ရောပေါ့…သဘောက။ ရန်ကုန်သားကခိုးမှာပဲ…ဘာကြောင့်ခိုးလဲဆိုတော့ ကျနော်တို့မခိုးလို့မှ မရတော့တာ။ အဲဒီမှာကျန်တဲ့ သူငယ်ချင်းတွေကလည်းပြောတယ်ပေါ့ဗျာ။ မင်း ဒီလိုတော့ မဖြစ်သင့်ဘူး။လိုအပ်တယ်ဆိုရင် ငါတို့ တပ်ထဲမှာ အလံထောင်ပြီး သပိတ်မှောက်မယ်ပေါ့။အဲဒီကနေပြဿနာတွေက စတာ။
တကယ်တော့ အဲလောက်ပြဿနာဆိုတာ ဘာမှ မဟုတ်ဘူး။ အဲဒါကို အသုံးချသွားတာကမျိုးဝင်း။ မျိုးဝင်းက ကောင်းကောင်းကြီး အသုံးချသွားတာပါ ။အဲဒါကိုလည်းကျနော်နောက်မှ သိခဲ့ရတယ်။
အပိုင်း(၅)
အဲဒီနောက်မှာ ကျနော်တို့ စစ်သင်တန်းတက်ရတယ်။ စစ်သင်တန်းက ကေအိုင်အေထရိနင်ပါ။ ကေအိုင်အေ ထရိနင်ဆိုတော့ KIA သီချင်းတွေကို ဆိုရတယ်။ ကျနော်တို့ကထပ်ပြောတယ်။ ကေအိုင်အေ သီချင်းဆိုရတာလည်း ရတယ်၊ ပြသနာ မရှိဘူး။ ဒါပေမဲ့ကျောင်းသားတပ်ဖြစ်တဲ့အတွက် ကျောင်းသားသီးချင်းလည်း ဆိုသင့်တယ်၊ဆိုရမယ်ပေါ့။အဲဒီလိုအခြေအနေမျိုးတွေရှိတယ်။
အဲဒီလို ပါဂျောင် စခန်းမှာ အဟ လေးတွေ ရှိနေတဲ့အခြေအနေမှာ မြောက်ပိုင်းစခန်းကို ရန်ကုန်၊ မန္တလေးက ကျောင်းသားတွေ ရောက်တာပိုများလာတယ်။ပြောရမယ်ဆိုရင်တော့ ကိုမျိုးဝင်းအနေနဲ့က သူ့အနေနဲ့ ရှေ့မှာ ရောက်ခဲ့တာမှန်တယ်။ ဒါပေမဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ အယူအဆပိုင်းမှာ ဆိုလို့ရှိရင်ရန်ကုန်၊ မန္တလေး ကျောင်းသားတွေက ပိုပြီး သာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ကျနော်တို့က ဒီ Field ထဲမှာ ဖြတ်လာကြတာကိုး။
နယ်ကျောင်းသားတွေအနေနဲ့က ရန်ကုန်ကျောင်းသားတွေနဲ့ နိုင်ငံရေးပိုင်းမှာအဟ ကွာနေတယ်။ ကွာတာလေးတွေ ရှိတယ်။ရန်ကုန်မှာ ဆယ်တန်းအောင်တဲ့ သူနဲ့ နယ်မှာ၁၀ တန်းအောင်တဲ့ သူတွေ ကြားမှာကွာသလို နည်းနည်းလေး ကွာနိုင်တယ်ပေါ့နော်။
အဲဒီတော့ ကျနော်တို့က စစ်သင်တန်း ဆက်မတက်တော့ဘဲနဲ့သပိတ်မှောက်လိုက်ကြတယ်။ နောက် ဘာတောင်းဆိုသလဲ ဆိုတော့ နောက်ထပ် election လုပ်ပေးဖို့ပေါ့ အဲဒါကို တောင်းဆိုကြတယ်။
ကျနော်တို့ အောက်ခြေကျောင်းသားရဲဘော်တွေ သိခဲ့ရတဲ့ အနေအထားက…။အဲဒီအနေအထားက…ပြောရရင်တော့….ကိုမျိုးဝင်းက မဲမရဘူး။ ဒါပေမဲ့ ပါလာတယ်။မဲမရဘူးဆိုတာက လုံးဝ မရဘူးလို့ ပြောတာမဟုတ်ဘူး။ လူကြိုက် မများဘူးလို့ပြောတာ။
အဲဒီမှာ ကိုမျိုးဝင်းအကြောင်းကို ကျနော် ပြောချင်တယ်။ ကိုမျိုးဝင်းကမိုးညှင်းနတ်စလောရွာက။ အဲဒီတုန်းက သူ့ရွာမှာ အာအိုင်တီ ကျောင်းသားက၂ယောက်ပဲ ရှိတယ်။ သူက သူ့ရွာမှာတော့ ပညာတတ်ပေါ့ဗျာ။ သူ့ရွာမှာတော့ သူကအာအိုင်တီကျောင်းသားလည်း ဖြစ်တော့တကယ့်ကြီးကြီးပေါ့။
သူက ကွန်မန်ဒို ဖွဲ့တဲ့အခါမှာ အဲဒီမှာသူက သူ့ရွာကနေ တောခိုလာတဲ့ ကျောင်းသားတွေနဲ့ ကွန်မန်ဒိုဖွဲ့ချသွားတယ်။
အဲဒီအခြေအနေကို တိုတိုပြောရရင်တော့ ဖွဲ့စည်းပုံမှာသူကအထွေထွေအတွင်းရေးမှူး ၁ အနေနဲ့ရသွားတယ်။ အဲဒီအချိန်မှာပဲ စစ်ရေးတာဝန်ခံကိုသံချောင်းက မျက်စိ ထိလာတယ် ရှေ့တန်းကနေ ထိလာတာ။
မျက်စိထိလာတော့ ဒု- စစ်ရေးတာဝန်ခံတယောက်ခန့်ဖို့ လိုလာတယ်။ ကိုမျိုးဝင်းကို ဒု-စစ်ရေးတာဝန်ခံအနေနဲ့ တင်ပေးလိုက်တယ်။
အဲဒီတော့ မအပရဲ့ ဖွဲ့စည်းပုံက အကုန်လုံး ကေအိုင်အေကိုမှီးသွားခဲ့တာချည်းပဲ။ ကေအိုင်အေမှာ ဦးဘရန်စိုင်းက ဥက္ကဋ္ဌ၊ အဲဒီအချိန်မှာကေအိုင်အေမှာ ဒုဥက္ကဋ္ဌက ဗိုလ်ချုပ်ထော်မန် သူက စစ်ရေးတာဝန်ခံ CS။ ဒီမှာကကိုသံချောင်းက စစ်ရေးတာဝန်ခံပေါ့ ကျနော် ပြောချင်တာက သူတို့က ကေအိုင်အေအတိုင်းကို အကုန်လိုက်လုပ်တာ။
အဲဒီလို သွားတော့ သွားတဲ့ထဲမှာ အခြားဒေသတွေထက် ကျနော်တို့ရဲ့ မအပကတော်တော်လေး အောင်မြင်ခဲ့တယ်။ အောင်မြင်တယ်ဆိုတာက ရှေ့တန်းတွေမှာလည်းကျနော်တို့ အောင်မြင်တယ်။ပြည်သူက ချစ်တယ်။ ပြည်သူလူထုက ကျောင်းသားတွေကိုချစ်တယ်။
အဲဒါက ကေအိုင်အေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ အောင်မြင်တယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှု ရတယ်။
အဲဒီအချိန်မှာ ကျနော်တို့ရဲ့ မြောက်ပိုင်း ABSDF က အရမ်းတက်နေတဲ့အချိန်အောင်မြင်နေတဲ့အချိန် တောင်ပိုင်းနဲ့တောင် မတူပါဘူး။ အဲဒီမှာသွားနေရင်းနဲ့ကျနော် တာဝန်ထမ်းဆောင်ခဲ့ရတာ ဘယ်မှာ ထမ်းဆောင်ခဲ့ရလဲ ဆိုတော့ပရိုပဂန်ဒါ (Propagator)မှာထမ်းဆောင်ခဲ့ရတာ။ ကျနော်က သင်တန်းဆင်းပြီးတာနဲ့ပရိုပဂန်ဒါ တမ်းရောက်တာ။ ကျနော်က အဲဒီတုန်းက အသားဖြူဖြူနဲ့လူကောင်ကလည်းသေးတယ် အသက်လည်းငယ်။ ဂစ်တာလည်း တီးတယ်။ဟိုမှာ ရောက်ရောက်ချင်းဂစ်တာ သွားတီးတော့ဟိုမှာ ဂစ်တာတီးမဲ့သူလည်း မရှိဘူးဗျာ။ အဲဒါနဲ့ ကျနော်ကပရိုပဂန်ဒါကို ရောက်ရောဗျာ။
အဲဒီမှာပြောစရာရှိတာက ကိုမျိုးဝင်းနဲ့ ကျနော် စစ်ဆင်ရေးထွက်ဖူးတယ်။ကိစ္စရပ်လေး တခုကို ကျနော် ပြောပြချင်တယ်ဗျာ့။ အဲဒီမှာ ကျနော့်မသေရတဲ့ အကြောင်းရင်းလေး တခုရှိတယ်။ ကိုမျိုးဝင်း ကျနော့်ကို မသတ်ရတဲ့အကြောင်းရင်းလို့လည်း ပြောလို့ရတယ်။ ခုန ပြောခဲ့တဲ့ ကျနော်တို့သင်တန်းတက်နေတာကို သပိတ်မှောက်လိုက်တယ်။
ကျနော်တို့ လုံးဝ သင်တန်းဆက်မတက်တော့ဘူး။ ကုန်းကလည်း ဒီဘက်က ကိုမျိုးဝင်းတို့ ဒီဘက်က သင်တန်းကုန်းပေါ့။အဲဒီတုန်းက ဒီဇင်ဘာလကြီးပေါ့။
ကော်မတီရုံးကလည်း ည ၆နာရီကျော်ရင် ကော်မတီရုံးကို မတက်နဲ့ပစ်မိန့်ပေးတယ်ပေါ့ဗျာ။ ပစ်မိန့်ပေးထားတယ်။ ဘယ်သူမှလည်း မတက်ဘူး။ တက်တဲ့သူကို ပစ်လို့ရတာကို။ အဲဒီအချိန်မှာ ကျနော်တို့ကလည်း ဘားတိုက်ထဲမှာမျိုးဝင်းမကောင်းကြောင်းတွေ ပြောကြတယ်။ ဟာ အဲကောင် လူပါးဝတယ်ပေါ့။ကိုမျိုးဝင်းကလည်း အဲဒီအချိန်မှာ သူ့တပ်ကို ပြန်ခေါ်ထားတယ်။ ကျနော်က အဲလိုအခြေအနေကို မကြိုက်ဘူး။
ကျနော်က ဖြစ်ချင်တာက သင်တန်းထဲက လူတွေကလည်း ကျနော့်အကိုတွေပဲ။ကိုအောင်ကျော်တို့ ကိုရန်ရှင်းတို့။ ကိုရဲ တို့…ဒါ ကျနော့်အကိုတွေပဲ။ကိုမျိုးဝင်းလည်း သူလည်း ကျောင်းသားပဲ ကျနော့်ထက် အသက်ကြီးတယ်၊ သူလည်းအိုင်အာတီက ကျောင်းသားပဲ သူလည်းပဲ အကိုပဲပေါ့ ကျနော်အဲလို ခံစားတယ်။ စိတ်ထဲအတူတူပဲလို့လည်း ခံစားမိတယ်ပေါ့။
အဲလို ခံစားမိတော့ ဒီလိုတွေ အဖွဲ့ခွဲတာ ကျနော် စိတ်ညစ်တယ်။ မြို့ပေါ်မှာအဖွဲ့ခွဲတာတောင် ကျနော် တော်တာ် စိတ်ညစ်တယ်။ ခုဟာက တောထဲမှာ ဟိုပြီးစိတ်ညစ်တယ်။ အဲဒါကြောင့် ညကြီး ကော်မတီကုန်းကို ကျနော်က တယောက်တည်းတက်သွားတာ။ အဲဒီအချိန်မှာ ကော်မတီကုန်းမှာတာဝန်ကျတာက ဂွတိုနဲ့ ကိန်းမြင့်ဗျ၊ ကျနော်မှတ်မိတယ်။ အဲဒီအချိန်မှာ ဂွဖြစ်ရင်ဖြစ်မယ်၊ ကိန်းမြင့်ဖြစ်ရင်ဖြစ်မယ်။ ကျနော် က ည ၆နာရီတော့ ကျော်သွားပြီးသွားပြီဆိုတာမှတ်မိတယ်။
အဲဒီအချိန်မှာကော်မတီကုန်းတက်သွားတော့အဲဒီထဲက တယောက်က သေနပ်ကို ဗျောင်းဗျောင်း ဆိုပြီး ချည်ထိုးပြီးတော့မှ ကျနော့်ကို ရပ်ဆိုပြီးတော့ စကားဝှက်လှမ်းမေးတယ်။
ကျနော်က စကားဝှက်မသိဘူး။ ဘယ်သူလဲ ဆိုတော့..ဘိုဘို လို့ ကျနော်ပြောလိုက်တယ်။ ကျနော်က တကယ်တော့သိပ်သတ္တိရှိလို့ တက်သွားတာ မဟုတ်ဘူး။ ကြောက်ကြော က်နဲ့ တက်သွားတာ။
ဘိုဘိုလို့ အကျယ်ကြီး အော်ပြောတယ်။ သုံးခွန်း လှမ်းမေးတယ်။အဲဒီသုံးခွန်းစလုံး ကျနော် ဘိုဘိုလို့ပဲ အကျယ်ကြီး အော်ပြောတယ်။ကျနော့်စိတ်ထဲမှာ ကြောက်တယ်။
သုံးခါမေးလို့မှ မရတော့ ပစ်လို့ရပြီကိုး။ ကျနော်ကလည်း တော်တော်ကြောက်နေပြီ။
အဲဒီအချိန်မှာ ကိုမျိုးဝင်းက “ဟေ့ကောင် ခဏနေဦး လွှတ်လိုက်“ လို့ပြောတယ်။ အဲဒီအချိန်မှာ ကိုမျိုးဝင်းက မှတ်မှတ်ရရ မီးလှုံနေတာ။ အဲဒီရဲ့အပြင်မှာ ဂွတိုတို့၊ ကိုကိန်းမြင့်တို့ ရှိတယ်။ ကျနော် ရောက်သွားတယ်။ သူကဘာကိစ္စလဲ လို့မေးတယ်။
“အကို …အကိုလည်း ကျောင်းသားပဲ၊ဟိုမှာလည်း ကျနော့်အကို ကျောင်းသားတွေပဲဒါပေမဲ့ ဒီပုံဆန်ကြီးဖြစ်နေတာ““ အဲလို ပြောရင်းပြောရင်းနဲ့ ကျနော်ခံစားလာရပြီး ငိုချင်လာတာ၊ အဲဒါနဲ့ ကျနော် ငိုရင်းနဲ့ သူ့ကို ပြောတယ်။
ညီတယောက်က အကိုတစ်ယောက်ကို ပြောတဲ့ ပုံဆန်ပါပဲ၊ အဲဒီလို ပုံဆန်နဲ့ ကျနော်သူ့ကို ငိုပြီး ပြောတယ်။
“ကျနော် အဲလို မဖြစ်ချင်ဘူး…ကျနော်တို့ ဒီမှာလာတာ စုစုစည်းစည်းနဲ့သွားချင်တယ်…အဲလိုဖြစ်နေတာ မကောင်းဘူး၊ မှန်ခြင်းမှားခြင်းကိုလည်း ကျနော်မဆိုလိုချင်ဘူး…“လို့ ငိုရင်းနဲ့ ပြောတယ်။
မျိုးဝင်းက အဲဒီမှာ တော်တော်လေး..ဘယ်လိုပြောမလဲ ပြီးတော့ ကျနော့်ကိုချွေးသိပ်ပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီကိစ္စကို ကျနော့်ကို အမှတ်ပေးခဲ့တယ်၊နောက်ပိုင်း စစ်ကြောရေးမှာ ကျနော့်ကို အဲဒါပြန်ပြောတယ်။
ပြီးတော့ ကျနော်ကလည်း သင်တန်းမှာ ဒီကိစ္စကို ပြန်ပြောတယ်။ သူလည်းကျောင်းသား၊ ကိုယ်လည်းကျောင်းသားဖြစ်နေတယ် ၊ မှန်ခြင်း မှားခြင်းထက်ခုလိုမျိုး ကွဲနေတာမျိုးတွေ မဖြစ်သင့်ဘူးဆိုတာမျိုး ပြောခဲ့တယ်။
အပိုင်း(၆)
နောက်တခု ကျနော်ပြောချင်တာက စစ်ဆင်ရေး ထွက်တဲ့ အကြောင်းပေါ့နော်။စစ်ဆင်ရေးထွက်မယ်ဆိုရင် ကျနော်တို့ကတော့ Fighter အနေနဲ့ မထွက်ရဘူး။ကျနော်တို့သွားမယ်ဆိုရင် ရှေ့မှာ တပ်ခွဲတစ်ခွဲ အရင်သွားရတယ်။ ကျနော်တို့ကရွာတွေဝင် ရောက်တဲ့ ရွာ တိုင်စိုက်အလံထောင် ပြီးရင် သီချင်းဆိုအဲဒီပုံစံနဲ့ ကျနော်တို့ သွားလေ့ရှိတယ်။
အဲလို သွားနေရင်းနဲ့ ကျနော်နဲ့ အတူတူ ထွက်ခဲ့တဲ့ စမ်းချောင်းအကသကကိုဝဏကျော်က တိုက်ပွဲကျသွားတယ်။ သူတိုက်ပွဲ ကျသွားတော့ ကျနော်လည်းတော်တော်လေး ခံစားရတယ်။ ရှေ့တန်းထွက်ဖို့အတွက် တောင်းဆိုတယ်ပေါ့နော်၊အဲဒီတပွဲမှာတော့ သူက ကျနော်တို့ကို ပေးလိုက်တယ်။
အဲဒီမှာ တခု ကွာတာက ဘာကွာလဲဆိုတော့ ကျနော်တို့ နောက်တန်းမှာတော့အိုကေတယ်နော်။ ရှေ့တန်းထွက်လို့ရှိရင် ရန်ကုန်-မန္တလေးက ကောင်တွေကသူတို့လောက် မထွက်နိုင်ဘူး။ သူတို့က အကြမ်းသွားနိုင်တယ်။ ကျနော်တို့ရန်ကုန်xမန္တလေးက ကောင်တွေက အပြောပဲ ရှိတာ သူတို့ကို မီကို မမီဘူး။ တကယ်ကိုခွေခေါက်နေတာပဲ။
ကိုင်းတောကြီး မီးရှို့ထားတဲ့ အလယ်ကနေ ဖြတ်ရတာတို့ မှာ နေကပူ၊ ဘေးကပူနဲ့ ကျနော်တို့က လမ်းကို မလျှောက်နိုင်တော့တာ။ တကယ်ပဲ ဘယ်လိုကို မရတာ၊ပြီးတော့ ခါးထက်နည်းနည်းလောက်ပဲ မြင့်တဲ့ တောင်ကဗျက်တောင် ကျနော်ကမတက်နိုင်ဘူး။ ကျနော်က ကိုမျိုးဝင်း runner အနေနဲ့ လိုက်သွားတယ်။ကိုမျိုးဝင်းရဲ့ ကိုယ်ရံတော် တပ်စိတ်ရှိတယ်။ ကိုတောက်ပြောင်တို့ဦးလှရွှေတို့။ သူဆိုလို့ရှိရင် ကိုမျိုးဝင်းတို့ ရွာကပဲ၊ သူဆိုရင်ကျနော်ရဲ့ ကာဘိုင်ရော၊ ပစ္စည်းတွေရော အကုန်အားလုံး ယူသယ်ပေးတာ။ ကျနော်ကလူချည်လျှောက်တာကို မလျှောက်နိုင်ဘူး ဖြစ်နေတာ။ သူတို့က အကုန်လုံး သယ်ပြီးလျှောက်ပေးကြတာ။
အဲတော့ စစ်ဆင်ရေးမပြီးဘူး ကျနော် ၃ လနဲ့ ပြန်လာရတယ်။ ဘာဖြစ်လို့လည်းဆိုတော့သွားကိုက်လို့။ ကျနော် ဆင်သား စားတဲ့နေရာမှာဗျာ သွားကိုက်ပြီးတော့ထမင်း မစားနိုင်တော့ဘူး။ ရှေ့တန်းလည်းရောက်နေတယ် ထမင်းလည်းမ၀င်တော့ပိုဆိုးတာပေါ့။ အဲတော့ ၃ လနဲ့ ကျနော်ပြန်ရောက်လာတယ်။ပြန်ရောက်လာပြီးတော့ သီချင်းပဲ ဆိုနေရတာပေါ့ဗျာ။ ကျနော်က ဂစ်တာတီးလိုက်၊သီချင်းဆိုလိုက်နဲ့ ဒီအလုပ်တခုပဲ လုပ်နိုင်တယ်။
အဲဒီလို အခြေအနေကနေ ကျနော်တို့ကို ထောက်လှမ်းရေး ဆိုပြီးတော့ စပြီးစွပ်စွဲပြီး ဖမ်းတာက သြဂုတ်မှာစဖမ်းတာ။ခုနှစ်ကတော့ သေချာ မသိတော့ဘူး ခုနှစ် သြဂုတ်လလောက် ထင်တယ်။
ဘယ်ကနေစဖြစ်တာလဲ ဆိုတော့ ကိုသံချောင်းက တိုက်ပွဲမှာ လက်သွားထိတယ်။ဗန်းမော် တိုက်ပွဲမှာ အဲဒီ စစ်ဆင်ရေးမှာ ကျနော်ပါတယ်။ ၁၇မိုင်နားမှာဖြစ်တော့ ကိုသံချောင်းလက်ထိသွားတယ်။ ညာဘက်လက်လား မသိဘူးဗျ။အဲဒီမှာ သွားထိခဲ့တယ်။
အဲဒီမှာ ကျနော် နည်းနည်းစဉ်းစားရင်း ရောနေတာ ရှိတယ်။ အဲဒီတိုက်ပွဲမတိုင်ခင်မှာ ကိုမျိုးဝင်းက စစ်ရေးတာဝန်ခံဖြစ်တာလား၊ဒီတိုက်ပွဲပြီးမှ ဖြစ်တာလား ကျနော် ရောနေတယ်။ ဒါပေမဲ့ သေချာတာကတော့ကိုမျိုးဝင်းက စစ်ရေးတာဝန်ခံဖြစ်ခဲ့တယ်။ ပြီးတော့ ထောက်လှမ်းရေးတာဝန်ခံကလည်း ရှေ့တန်းမှာ ကျသွားတယ်။ထောက်လှမ်းရေး တာဝန်ခံ ကိုဖေကမိုးညှင်းဘက်မှာ တိုက်ပွဲ ကျတာ။
အဲဒီမှာ ထောက်လှမ်းရေး section ကို ကိုမျိုးဝင်းကတိုက်ရိုက်ကိုင်တာ။ပြီးတော့ကိုမျိုးဝင်းက အဲဒီမှာ ကွန်မန်ဒိုဖွဲ့တယ်။သူ့လူတွေနဲ့ချည်းပဲ ဖွဲ့ချသွားခဲ့တာ။ ကိုမန်ဒိုနဲ့ ရိုးရိုး တပ်ရင်းနဲ့ကဘာကွာလဲ ဆိုတော့ ရိုးရိုးတပ်ရင်းအနေနဲ့ ပြန်ဝင်လာပြီ ဆိုရင် လက်နက်အပ်ရတယ်။ကေအိုင်အေမှာလည်း အဲဒီပုံအတိုင်းပဲ။ကွန်မန်ဒိုက ၂၄ နာရီ အမြဲ သေနပ်နဲ့ အတူရှိနေလို့ရတယ်။ ကေအိုင်အေမှာ ကွန်မန်ဒို ကုန်းက သီးသန့်ရှိတယ်။ ကျနော်တို့ကျောင်းသားတပ်မှာတော့ ကွန်မန်ဒို ကုန်းက သီးသန့်မရှိဘူး။အကုန်ရောနေတာပေါ့ဗျာ၊ ဒါပေမဲ့ များသောအားဖြင့် ကွန်မန်ဒိုက ရှေ့မှာပဲနေနေရတာများတယ်။ ဗဟိုတက်တယ်ဆိုရင် ခဏပဲ၊ ပြီးတာနဲ့ ရှေ့တန်းပြန်ထွက်အဲလိုပဲ ရှိတာကိုး။
အဲတော့ကိုမျိုးဝင်းက ကွန်မန်ဒိုကိုင်တယ်၊ ကွန်မန်ဒို ဖွဲ့တဲ့အခါမှာလည်းလုံးဝ သူ့စိတ်တိုင်းကျ သူ့ရွာထဲက လူတွေနဲ့ချည်း ဖွဲ့ချသွားတယ်။ သူကအဲဒီတုန်းက ဒု- စစ်ရေးတာဝန်ခံဖြစ်နေတော့ လုပ်လို့ရတာပေါ့။တပ်ရင်းတွေမှာကြတော့ ကိုင်ရတဲ့ သေနပ်တွေက မီးကျိုးမောင်းပျက်တွေပဲ များတယ်။ကွန်မန်ဒိုမှာတော့ တကယ့်အကောင်းတွေ ပေးထားတာ။ ထားပါတော့နော်၊ အဲဒါတွေကိုသိပ်တော့ မပြောချင်ဘူး။
အဲဒီမှာ ကျနော်တို့ကို ထောက်လှမ်းရေးကို စပြီးစွပ်စွဲပြီးဖမ်းခံရတာက…သြဂုတ်မှာ၊ ၁၉၉၁စပြီး ဖမ်းတာက ကိုစိုးမင်းအောင်ကို စဖမ်းတာ။ကိုစိုးမင်းအောင်က ကိုရဲ..ရဲ့ ရန်လ်ဒါ။ နောက်တော့ … ထွက်ပြေးသွားတယ်လေ။(ထလရလို့စွပ်စွဲ ဖမ်းဆီးတာတွေ ဗျူဟာ၂ဗန်းမော်ခရိုင်မှာ ၆ ရက် သြဂုတ်လ၁၉၉၁ မှာစတင်ခဲ့တာ ။ ပါဂျောင်မှာ ကစိုးမင်းအောင်ရဲ့ ထွက်ချက်တွေကနေဆွဲယူလာပြီး ၉သို့မဟုတ် ၁ဝ ရက် သြဂုတ်လ၁၉၉၁ ခုနှစ်မှာ စဖမ်းတာ - မနန်းအောင်ထွေးကြည်)
အဲဒီမှာ ကိုမျိုးဝင်းတို့အဖွဲ့က ကိုစိုးမင်းအောင်ရဲ့ထွက်ချက်တွေကိုယူသွားတာ။ အဲဒီတုန်းက ကျနော်တို့က ပွဲလုပ်နေတဲ့ အချိန်ဗျ။ကိုစိုးမင်းအောင်ကို ဖမ်းတာကိုသိတယ်။ စစ်နေတာကိုလည် သိတယ်။ ဒါပေမဲကျနော်တို့ ဆီမှာ စစ်တာမဟုတ်ဘူး။ ကိုစိုးမင်းအောင်ကို ထောက်လှမ်းရေးဆိုပြီးစဖမ်းတော့ ဟာ…ဒါ ကျောင်းသားတယောက်ပဲ ဖြစ်တယ်၊ ခုလိုမျိုးမလုပ်သင့်ဘူးဆိုတဲ့ အတွေး ကျနော့်မှာ လုံးဝ မရှိဘူး။ တကယ်ကို မရှိတာ။ဖမ်းတယ် စစ်တယ် အဲလောက်ပဲ သဘောထားတယ်။ကိုယ့် Section ကလည်း မဟုတ်ဘူး။
ပြီးတော့မှ အဲဒီ ကိုစိုးလင်းအောင် ဆီကနေ listတွေ တက်လာတာ။ အဲဒီ List မှာ ကျနော်တို့ နာမည်တွေ ပါတယ်ဆိုတော့ ကျနော်တို့က ရီနေကြတာ။ အဲဒီမှာ list တက်လာပြီးတော့ မချို တို့ကို စဖမ်းတယ်။ မချိုကို ဖမ်းပြီလို့ ကြားတော့ကျနော်က တော်တော်ကို ပြာတောက်သွားတာ။
ဘာလို့ လဲဆိုပြီး တော်တော်လေးကို စိတ်မကောင်းလည်း ဖြစ်သွားတယ်။ ပြာလည်းပြာသွားတယ်။နောက် မငယ်တို့လည်း ပါတယ်ကြားတော့ ပိုဆိုးသွားတယ်။ မငယ်နဲ့ကျနော်တို့က Section တခုတည်း propagator မှာ တူတူပဲ အလုပ်လုပ်နေကြတာ။
မချိုနဲ့က ကျနော်နဲ့ တော်တော်ရင်းနှီးတယ်၊ သူက ကျနော့်ကို အမြဲမုန့်ဖိုးပေးတယ်။ တကယ်တော့ သူတို့နဲ့က ကျနော်က မောင်နှမရင်းတွေလိုဖြစ်နေတာဗျ။ ကျနော်က ရေချိုးရမှာ ပျင်းတယ်။ ရာသီဥတုကလည်း အေးတော့ရေမချိုးဘူး။ သူက ကျနော်ရေချိုးချင်အောင် မုန့်ဖိုးပေးတယ်။
ဟဲ့ အမဆီက မုန့်ဖိုးယူ ပြီးရင်ရေချိုး ဆိုပြီး ကျနော် ရေချိုးအောင်လုပ်ပေးတယ်။ပြီးတော့ ဒယ်ပိုင်းလေးထဲမှာ ရေနွေးတယ်ပြီး ရေးချိုးဖို့ရေနွေးပေးတယ်။
ကျနော်က အဲဒီလိုနဲ့ သူ့ဆီကနေ မုန့်ဖိုးယူ၊ ရေနွေးလည်းယူပြီးရေးချိုးတယ်လေ။ ကျနော့်စိတ်ထဲမှာလည်း သူတို့က ကျနော့်အမတွေလိုပဲ မှတ်တယ်။ခံစားရတယ်။ ဟိုမှာ တကယ့်အမလိုပဲ ဖြစ်နေတာကို။သူတို့ကလည်း ကျနော့်ကိုမောင်ငယ်တယောက်လိုပဲ ဆက်ဆံခဲ့ကြတယ်။
အဲလိုနေတော့ မချိုကို ဖမ်းပြီဆိုတော့ ကျနော် ရှော့်ရသွားတယ်။ စိတ်ထိခိုက်သွာတာဗျ။ နောက် ...စစ်ကြောရေး စစ်တဲ့အဖွဲ့ထဲမှာ ကျနော်ပါတယ်။
အပိုင်း(၇)
ပထမဆုံး သူတို့က အရင်စစ်တယ်။ စစ်တော့ လုံခြုံရေး ယူတာ ကွန်မန်ဒိုကယူထားတယ်။ ပြီးတော့မှ ကျနော်တို့ကိုပြန်စစ်ခိုင်း။ သူတို့ ထွက်ချက်တွေကိုကျနော်တို့ ယူရတာ..ပြီးတော့ အဲဒီအပိုင်းတွေကို ကျနော် မပြောချင်ဘူး။
အဲဒါတွေကို ကျော်ခဲ့မယ်။ ဘယ်လိုစစ်တာလဲ ဘယ်လို ထွက်ချက်ရအောင် လုပ်သလဲဆိုတာတွေကို ကျနော် မပြောချင်တော့ဘူး။ ကျော်ခဲ့မယ်။ အဲဒီအပိုင်းတွေအားလုံးမှာ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့မှာ ရှင်းစရာရှိနေလို့။
အမှန်တော့ လူတွေက ရှော့ရနေတာ။ နင်းကန်ပြီး ရိုက်ထားတာတွေ စစ်ထားတာတွေရှိတော့ လူတွေက ရှော့ရနေကြပြီ။ ကျနော်တို့ ရီပို့ပြန်တင်တော့လည်း ဒါတွေကမဖြစ်နိုင်ပါဘူးဆိုပြီး တင်ခဲ့တယ်။ ကိုရဲတို့လည်း တင်ခဲ့ပါတယ်။မဖြစ်နိုင်တဲ့ အကြောင်းကိုပါ။
ဒါပေမဲ့ အဲဒီရီပို့တွေကို အပေါ်က မျိုးဝင်းကပြန်ကိုင်ထားပြီးနောက်ပိုင်းကျတော့ စစ်ကြောရေး စစ်နေတဲ့ လူတွေအကုန်လုံးကိုပြန်ဖမ်းလိုက်တယ်။ ပြန်ဖမ်းလိုက်တော့ ကျနော်တို့ ထောင်ထဲ ရောက်သွားတယ်။
ကိုထွန်းအောင်ကျော်တို့ကို မဖမ်းခင်မှာ ကျနော်တို့ကို မပြောဘူးလားဆိုတဲ့မေးခွန်းရှိတယ်။ ကျနော် ပြောမယ်ဗျာ၊ ပြောခဲ့တယ်။ ကျနော်တို့ကိုဖမ်းပြီးတော့ပြီးတော့ ဆက်တိုက်ပဲ ကိုရဲတို့ ကိုထွန်းအောင်ကျော်တို့ကိုဆက်ဖမ်းတယ်။စိတ်မကောင်းစရာတွေ ပြန်ပြောရရင်တော့ …အဲဒီမှာကို စစ်တာနဲ့ကိုသေနေကြပြီ၊ စစ်ကြောရေးခန်းထဲမှာကို သေနေကြပြီ။
စစ်ကြောရေးခန်းထဲမှာတော့ စစ်တာကတော့တော်တော်လေးကိုပက်ပက်စက်စက်စစ်ခဲ့ကြတာပါ။အဲဒါတွေ သိပြီးသားတွေ ဖြစ်မယ်ထင်တယ်။ ကျနော်လည်းပြန်မပြောချင်တော့ဘူး။
စစ်ကြောရေးစခန်းထဲမှာတင် စစ်ရင်းနဲ့ သေကုန်တဲ့ သူတွေလည်း ရှိတယ်။ အဲလိုသေနေကြတော့ ပြီးတဲ့အခါမှာ ဘာသွားဖြစ်သလဲ ဆိုတော့ ကျနော့်ကို ခေါ်ပြောတယ်၊ကိုကျော်နိုင်ဦးကို ခေါ်ပြောတယ်။ ကိုရဲတို့ကို ခေါ်ပြောတယ်။ ကျနော့်ကိုကိုမျိုးဝင်းခေါ်ပြောတုန်းက ကိုကျော်ကျော်ရှိတယ်။ ကျနော်တို့ propagator တဲလေးထဲမှာ ကျနော့်ကို ခေါ်ပြောတာ။
သူက “ဘိုဘိုတဲ့…မင်းကိုငါ အခွင့်ရေးတခုပေးမယ်တဲ့…အဲဒါဘာလဲဆိုတော့မင်းကငါနဲ့အတူတူ စစ်ဆင်ရေးထွက်ခဲ့တာ ဆိုတော့ စစ်ဆင်ရေး ထွက်တုန်းက မင်းငါ့ကိုဘာလို့မသတ်တာလဲ…`“ တဲ့…သူက ကျနော့်ကို သေချာကြည့်ပြီးတော့ ပြောတာ။
“မင်းသတ်ပြီး ပြေးရင် ရသားပဲ“ တဲ့..သူက အဲလို ပြောတော့ ကျနော်က “ဟာကျနော် မသတ်ပါဘူး ၊ ဘာလို့ သတ်ရမှာလဲ“လို့“ ကျနော်လည်း ဒီကျောင်းသားတပ်ကိုစေတနာထားတာ VCS သိသားပဲလို့'' လို့ြ့ပန်ပြောတယ်။
တကယ်လည်းကျနော်က ကျောင်းသားတပ်ထဲမှာတကယ်ပျော်ခဲ့တာ။ ကျနော့်ကိုထောက်လှမ်းရေးအနေနဲ့ စပြီး စွပ်စွဲပြီး ဖမ်းတော့ ထောက်လှမ်းက ဗိုလ်ကြီးလို့ကျနော့်ကို စပြီး ပြောတာကိုး။ ရယ်တော့ ရယ်စရာအကောင်းသားပဲ၊ ကျနော့်လိုကလေးသာသာအရွယ်ကထောက်လှမ်းရေး ဗိုလ်ကြီးဆိုတော့လေ၊ အဲဒါနဲ့…“ဟာ…မဟုတ်ဘူး၊မဟုတ်ဘူး…ထောက်လှမ်းရေးက ဗိုလ်ကြီးမဟုတ်ဘူး“လို့ငြင်းတော့တာပဲ၊ ငြင်းလို့လည်း မရဘူး၊ “ဒါဆို ဗိုလ်…“၊ “ဗိုလ်လည်းမဟုတ်ပါဘူး ဗျာ“ ဆိုတော့ “ဒါဆို…ဒုဗိုလ်…'" တဲ့…ကဲ။
အဲဒီမှာ ကျနော့်ကို နောက်ဆုံးစွပ်စွဲတာ ဒုအရာခံဗိုလ်တဲ့…။ မဟုတ်ပါဘူးဗျာပေါ့၊ ကျနော့်စိတ်ထဲမှာလည်း အရာရှိဆိုရင်ပိုနှိပ်စက်ခံရတော့မယ်ဆိုတာသိနေပြီ။ လုံးဝ မရဘူး …ကျနော်လည်း နောက်ဆုံးနာတာနဲ့ ဘယ်လိုမှ မခံစားနိုင်တော့ဘူး… ရာထူးကြီးလေ ပိုခံစားရလေဖြစ်မှာပဲ။ ကျနော်က တပ်သားပဲဖြစ်ချင်တာ၊ တပ်သားဆိုရင် ကျနော့်အတွက်ပိုကောင်းတယ်လို့ကျနော်တွေးတော့ နောက်ဆုံး ထောက်လှမ်းရေးက တပ်ကြပ်ကြီး ဆိုတာနဲ့ဈေးတည့်သွားတော့တာပဲဗျာ။
အဲတော့ စစ်နေတဲ့ သူက သက် ၁၅ နှစ်နဲ့ မင်းတပ်ကြပ်ကြီးလုပ်ပြီး တောထဲကိုလာတာလားလို့ မေးတော့ ကျနော်လည်း ဆက်အနာမခံနိုင်တော့တာနဲ့ ဟုတ်တယ်…ဟုတ်တယ်ဗျလို့ ဖြေရတယ်ဗျာ…ဟား ဟား။
ဟား…ဟား…ထားပါတော့နော်… ကျနော်လည်း အသက် ၁၅ နှစ်နဲ့ ထောက်လှမ်းရေးကတပ်ကြပ်ကြီးဖြစ်တယ်။ အဲလိုမှ ကျနော့်ကို အခွင့်အရေးရလို့ ကိုမျိုးဝင်းကပြောတယ်။ အဲဒီမှာထပ်ပြီးတော့ မင်းခုလို ထောက်လှမ်းရေးဖြစ်နေတာကို မင်းအိမ်ကသို့တည်းမဟုတ် မင်းသင်တန်းက အပြင်လူ မသိဘူးဆိုရင် မင်းကို သတ်မယ်၊သိတယ်ဆိုရင် မသတ်ဘူး ဒါက မင်းကိုငါ နောက်ဆုံးပေးနိုင်တဲ့ အခွင့်အရေးပဲလို့ ကိုမျိုးဝင်းက ပြောတယ်။
“ဘာကြောင့်လဲ ဆိုတော့ ဘာကြောင့် အဲဒီအခွင့်အရေးပေးလဲ ဆိုတော့ မင်းကတပ်အပေါ်မှာ စေတနာထားခဲ့တာ ရှိတယ်၊ပြီးတော့ မင်း စိတ်ထဲမှာ ရောယှက်နေတာရှိတယ်တဲ့၊ဘာကြောင့်လဲ ဆိုတော့ မင်းက ထောက်လှမ်းရေး၊ တဖက်မှာမင်းကကျောင်းသား ဆိုတဲ့ စိတ်ကလေး ရှိနေတယ်။ အဲဒါကြောင့် မင်းကို Chance ပေးတယ်“လို့ ပြောတယ်။
တကယ်လို့ကျနော် ထောက်လှမ်းရေးဖြစ်နေတယ်ဆိုတာကိုကျနော့် အိမ်က မသိဘူးဆိုရင် မင်းကိုသတ်မယ်တဲ့… သိပါတယ်ဆိုရင်တော့ မင်းကို မသတ်ဘူး …အဲလိုမေးတယ်။အဲတော့ ကျနော်က သိပါတယ် လို့ ဖြေတယ်။ ဘာကြောင့်လဲ ဆိုတော့…ကျနော်လည်းသေမှာကို ကြောက်တာကိုး။
သေမှာကို ကြောက်လို့ သိတယ်လို့ ကျနော် ပြောခဲ့ရတာလေ။ တကယ်တော့ကျနော်တို့ကလည်း ထောက်လှမ်းရေး ဘယ်ဖြစ်ချင်ပါ့မလဲထောက်လှမ်းရေးလို့မဟုတ်ဘူးလေ။ ကိုယ်က ကျောင်းသားပဲ ဟာကို။
ဒါပေမဲ့ ကိုထွန်းအောင်ကျော်က ကျနော့်ကို ပြောခဲ့တယ်။ ဘိုဘိုတဲ့ …မင်းဝန်ခံလိုက်ပါတဲ့။ဘာကြောင့်လဲ အကိုလို့ ကျနော်ကမေးတော့ သူက ပြောတယ်၊ ငါကသေမှာတဲ့။ ငါသေလို့ရှိရင် …ဒီသမိုင်းတွေကို ပြန်ဖော်ဖို့အတွက် အသက်ရှင်ဖို့လူလိုအပ်တယ်…တဲ့။ အဲတော့…မင်း ၀န်ခံလိုက်ပါတဲ့။
ကျနော်ကလည်း နဂိုကတည်းကမှ ကြောက်တတ်တဲ့ သေရမှာ ကြောက်တယ်ဆိုတော့ကိုထွန်းအောင်ကျော်က အဲလို ပြောလိုက်တော့ ကျနော့်အတွက်တော့ပိုအဆင်ပြေသွားတာပေါ့ဗျာ၊ ကျနော် ထောက်လှမ်းရေး ဟုတ်ပါတယ်လို့ ၀န်ခံလိုက်တယ်ပေါ့။
ထောက်လှမ်းရေးပါလို့ ၀န်ခံလိုက်ကြတာတွေက တကယ့်ကို ထောက်လှမ်းဖြစ်လို့မဟုတ်ဘူး။အားလုံးက ကျောင်းသားတွေချည်းပဲ၊ ၀န်မခံလို့မရလို့ကို ၀န်ခံကြရတာ။စစ်ကြောရေးမှာ ထောက်လှမ်းရေးဆိုရင် သေချာ စစ်ဆိုတဲ့ အမိန့်ကလည်း ရှိထားတော့ဘယ်သူကမှ မညှာကြဘူး။ ညှာရင် သူတို့လည်း ထောက်လှမ်းရေးဖြစ်မှာကိုကြောက်ကြတော့ သူတို့ ထောက်လှမ်းရေး မဟုတ်ဘူးဆိုတာကို သက်သေပြဖို့လိုတယ်။
အဲဒီမှာ ကျနော်ပြောချင်တာ တခုတော့ ရှိတယ်၊ ကျနော်တို့ကိုသတ်ခဲ့တဲ့ သူတွေရိုက်ခဲ့တဲ့ သူတွေလည်းပါတယ်။ ကျနော်တို့ကို တကယ်ကို ထောက်လှမ်းရေးလို့ယုံစားပြီး သတ်တဲ့ သူတွေလည်း ရှိတယ်။ ရိုက်ခဲ့တဲ့ သူတွေလည်း ရှိတယ်။
အဲဒီကြားထဲမှာ ရှေ့တန်းပြန်တွေ ပြန်လာပြီလို့ ကြားရင် ကျနော်တို့တော်တော်လေးကို ပြာတောက်နေပြီ။ အဲဒီ ရှေ့တန်းမှာတယောက်ယောက် ကျခဲ့ရင်အဲဒီဒေါသက ကျနော်တို့ ဆီမှာ လာပေါက်ကွဲတာ။
ကျနော်တို့မှာ ရှေ့တန်းပြန်ရှိတယ်ဟေ့ဆိုရင်…ဘယ်သူတော့ ဘယ်လိုဖြစ်ဦးမယ်မသိသေးဘူး ဆိုပြီး အားလုံး မျက်စိပျက်မျက်နှာပျက်နဲ့ ကြောက်နေကြပြီ။ဘယ်လောက်ထိ ကျနော်တို့ ဖြစ်သွားကြသလဲ ဆိုရင် ရှေ့တန်းပြန်ရှိတဲ့ နေ့ ဆိုရင်ကျနော်တို့တွေက ကိုယ့်ဟာကိုယ် သွေးထွက်အောင် လုပ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အခု ဒီမှာသွေးထွက်မှ ဟိုမှာ အဲဒီညမှာသွေး ပိုထွက်မယ်အရိုက်ခံရလို့၊ အဲဒါကြောင့် နှီးဖြာရင်းနဲ့ ဓါးရှသွားရင် ကျနော်တို့ပျော်သွားကြတယ်၊ ဘာလို့ ပျော်သွားလဲ ဆိုတော့ ကျိန်းကျေးသွားတယ်ပေါ့ဗျာ…။ကိုယ့်ဟာကိုယ်လုပ်တာက သက်သာမယ်ပေါ့၊ ကျိန်းကျေမယ် ဆိုပြီး ကလေးတွေးနဲ့။
အပိုင်း(၈)
ထောင်ကျတုန်း ကျနော်မှတ်မိတာလေးတွေပြောချင်တယ်။ ဘာလဲ ဆိုတော့ကျနော်တို့ ထောင်ကျနေတဲ့အချိန်မှာ ကျနော်တို့ကို တပ်မှာရှိတဲ့
အဆောင်တွေက ခေါ်ခေါ်ခိုင်းတယ်။ ထင်းခွေတာတို့၊ ထရံယက်ခိုင်းတာတို့တိုလီမိုလီ ဝေယျာဝစ္စလုပ်ခိုင်းတာတို့ပေါ့။အဲလို လုပ်ခိုင်းတယ်ဆိုတဲ့ သူတွေကကျနော်တို့ သူငယ်ချင်းတွေပဲ။ သူတို့တွေက ကျနော်တို့ကို ခိုင်းကြတဲ့အခါမှာထောက်လှမ်းရေး မို့လို့ဆိုတာနဲ့ ကျောပြီး လုပ်ခိုင်းတဲ့ သူတွေလည်း ရှိသလို၊အချို့လည်း ကျနော်တို့ကို သူတို့ရထားတဲ့ အခြေအနေလေးတခုကနေ ကူညီချင်လို့ခေါ်ခိုင်းကြတာလည်း ရှိတယ်။
အဲလိုအလုပ်လုပ်ခိုင်းပြီးအချိုမှုန့်လေး ပေးလိုက်တာ၊ ထမင်းကျွေးလိုက်တာအဲဒါမျိုးတွေလည်း ရှိတယ်။ ကျနော်တို့ကို ကူညီချင်တဲ့အတွက်ခေါ် ခိုင်းတာ၊ဟင်းလေးတွေ ကျွေးတာ ဆေးလိပ်ပေးတာ စသဖြင့်ပေါ့။
နောက် ကျနော်တို့ကို ရိုက်တဲ့ ထဲမှာ တကယ့်ကို ပုဂ္ဂိုလ်ရေး အငြိုးတွေနဲ့ရိုက်တာမျိုးတွေလည်း ရှိတယ်။ ကျနော်တို့ဆိုရင် ၀ါဒဖြန့်ချီရေး section ဆိုတော့ ပြဇာတ်တွေ ဘာတွေကရတာ ရှိတယ်။အခန်းလေးတွေက နောက်မှာကျဉ်းကျဉ်းလေးလေ၊ထားပါတော့ မငယ်တို့၊သင်းသင်းတို့ကြတော့ ကျနော်တို့နဲ့ကမောင်နှမလိုဖြစ်နေတော့ပြဇာတ်အတွက် အ၀တ်အစားလဲရတာ ရှိတယ်၊ရှိတော့လိုက်ကာလေးချပြီးနောက်မှာ အ၀တ်လဲတာမျိုး ရှိတယ်၊ ကျနော်တို့ကတော့အမ…မပြီးသေးဘူးလား…ဆိုပြီး မောင်းရတာမျိုးလည်း ရှိတယ်။
ကျနော်ကတော့ ဒါကိုယ့်အမတွေပဲလို့ သဘောထားတော့ …သူတို့တွေကိုကိုယ့်အမတွေလိုပဲ ခံစားပြီး ဆက်ဆံပြောဆိုတယ်၊ဒါပေမဲ့ရှေ့တန်းပြန်တာရှိတဲ့အခါကျတော့ သူတို့က ဇာတ်နောက်ထိ ရောက်လာတယ်၊ကျနော်တို့က သူတို့ကို တားရတာမျိုးတွေလည်း ရှိတယ်၊ တချို့က မူးနေတာတွလည်းရှိတော့အဲလိုမျိုး ပြောမရတဲ့အခါမျိုးမှာ ကျနော်ကတော့ MPခေါ်ပြီးတော့ MPသူတို့ ၀င်နေတယ် ဘယ်လိုလဲဆိုတော့ MPက အဲဒီမှာ ခေါ်ပြီး အချုပ်ခန်းထဲထည့်လိုက်တာလည်း ရှိတယ်။ အဲလို အချုပ်ကျခဲ့တဲ့သူတွေကလည်းအငြိုးနဲ့လာရိုက်တာမျိုးလည်း ရှိတယ်။
“မင်း ဘာတတ်နိုင်သေးလဲ…အခုတော့ ..သေစမ်းကွာ“ ဆိုပြီးလာရိုက်တာမျိုးတွေလည်း ရှိတယ်။ ဟား ဟား အဲဒီလို အငြိုးနဲ့ရိုက်ကြတာလည်းမနည်းဘူး။ ပြီးတော့ အချို့ကျတော့လည်း သူတို့က ထောက်လှမ်းရေးမဟုတ်ပါဘူးဆိုတာကို ပြချင်လို့ ကျနော်တို့ကို ပိုပြီး နှိပ်စက်ပြတာလည်းရှိတယ်။
ကျနော်တို့ ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းထားတဲ့ သူတွေကိုညှာတာထောက်ထားနေရင် သူတို့လည်း အလိုလို ထောက်လှမ်းရေးပါလို့ စွပ်စွဲခံရမှာကြောက်လို့ ပိုပြီး တော့ ထောက်လှမ်းရေး မဟုတ်ဘူး။ ထောက်လှမ်းရေးကိုမုန်းတယ်ဆိုပြီးတော့ ရိုက်ပြတာလည်း ရှိတယ်။ ဆိုလိုချင်တာက ရိုက်ပုံရိုက်နည်းပဲ ကွဲတယ်။ ရိုက်တာတော့ ရိုက်ကြတာပဲ ။ ခံရတာ ကျနော်တို့အားလုံးခံရတာ။
၁၂ . ၂ . ၁၉၉၂ မှာ ကိုထွန်းအောင်ကျော် အပါအ၀င် ၁၅ ဦးကိုသတ်လိုက်ကြတယ်။ ခေါင်းဖြတ်ပြီး သတ်တာပါ၊သတ်ပုံသတ်နည်းကတော့ ကျနော်လည်းမပြောချင်တော့ဘူး။
၁၉.၂.၁၉၉၂ ခုရက်နေ့ ညမှာ ကျနော်၊ ကိုညီ၊ မငယ်(နန်းအောင်ထွေးကြည်)၊ကိုကျော်နိုင်ဦး၊ ကိုရဲလင်း၊ ကိုဝဏ …စတဲ့ ၇ ယောက်ကို ကိုမျိုးဝင်းကခေါ်လိုက်တယ်။ ခေါ်ပြီး သူ့ရဲ့ တဲမှာ စကားပြောတယ်။
“မင်းတို့ကို ပြောထားတာက မင်းတို့ ထောက်လှမ်းရေး ဖြစ်နေတဲ့ ဖြစ်စဉ်ကိုအိမ်ကသိတယ်လို့ ပြောတယ်၊ အဲတော့ မင်းတို့ မိဘကို စာရေးပါ၊ ဒီကို လာခဲ့ဖို့စာရေးပါ“ အဲလို ပြောတယ်။
ဒီမှာ ကျနော် ဖြတ်ပြီး သတိရတုန်းပြောချင်တာ တခုရှိတယ်၊ ကိုမောင်မောင်ရေးထားတဲ့ ခေတ်သစ် ဟင်္သာကိုးသောင်းစာအုပ်မှာ ရေးထားတယ်။
သူနဲ့ တွေ့စဉ်ကာလမှာ ကျောင်းသားတွေက ပြောတယ်ပေါ့နော်။ ဒီကကျောင်းသားတွေအစိုးရဆီမှာ အလင်းပြန်မ၀င်ရဲဘူး ဒီမှာပဲ နေနေတယ်ဆိုပြီး ကိုမောင်မောင်ကရေးထားတယ်။ အဲဒါ မဟုတ်ဘူး၊ မှားတယ်။ ဘာကြောင့်မဟုတ်ဘူးလဲဆိုတာကကျနော်တို့က ပြေးမယ်ဆိုရင် ပြေးရတယ်။ ကျနော်က တောက်လျှောက် ဗဟိုမှာနေခဲ့တဲ့ကောင်။ဒါ ကိုယ်ရည်သွေးပြီး ပြောနေတာ မဟုတ်ဘူး။
အသတ်ခံရတဲ့ကိုထွန်းအောင်ကျော် ကိုယ်တိုင်ကိုယ်က ပြေးရင်ပြေးလို့ရနိုင်ရဲ့သားနဲ့ “ငါ မပြေးချင်တော့ဘူး၊ ငါတို့ဒီအခြေအနေကိုရန်သူ့ဆီမှာသွားပြောရမလားကွာ… ငါ..ဒီမှာပဲ အသေခံလိုက်တော့မယ်“တဲ့.. ဒါကိုထွန်းအောင်ကျော် ပြောခဲ့တဲ့ စကားကို ပြောပြတာ။ ဒါ သူ ကျနော့်ကိုပြောခဲ့တာပေါ့နော်။
နောက် ကျနော် ထွက်မပြေးတဲ့ အချက်ရှိသေးတယ်။ အဲဒါက ဘာလဲ ဆိုတော့ ဗျူဟာ ၂မှာက ဒီဟာက နံရံပေါ့။ အဲဒါ သက်ထွန်းလား မသိဘူး၊ သူ့ဘေးကဦးအောင်ကိုး၊ဒီဘက်ဘေးက လူတွေပေါ့လေ၊ အဲဒီမှာ အစွန်ဆုံးတယောက်ကထွက်ပြေးသွားတာ။ အဲလို ထွက်ပြေးသွားတော့ ကိုဘဂျမ်းက သူ့ဘေးနားကလူဦးအောင်ကိုးကို မင်းဘေးနားက လူထွက်ပြေးသွားတာ မင်းသိလားလို့မေးတယ်။ မသိဘူးဆိုတော့ တခါတည်း ပစ်ချလိုက်တာ။ အဲတော့ ကျနော် ထွက်ပြေးသွားရင် ကျနော့်ဘေးနှစ်ဘက်က လူတွေ အသတ်ခံရမှာ။ အဲဒါကို ကျနော့် သူငယ်ချင်း နှစ်ယောက်ကိုကျနော် ပြန်ပြီးတော့ သတ်ခဲ့ရသလို ဖြစ်သွားမှာ။
နောက်တခုက ကျနော်တို့ စိတ်ထဲမှာ AB ဆိုတာ ရှိတယ်၊ ကျောင်းသား တပ်မတော်ဆိုတာ ရှိတယ်။ သူတို့ ကျနော်တို့ကို ဘယ်လောက် စွပ်စွဲပြီး နှိပ်စက်နှိပ်စက်တာက တပိုင်း ကျနော်တို့ စိတ်ထဲမှာ ကျောင်းသားဆိုတာ ရှိတယ်။တော်လှန်ရေးရှိတယ်။ အဲဒါ ကျနော်တို့ စိတ်ထဲမှာအရမ်း စွဲစွဲမြဲမြဲ ရှိတယ်။
တကယ်ကို စွဲစွဲမြဲမြဲ ရှိခဲ့ပါတယ်။ ခုချိန်ထိလည်း စိတ်ထဲမှာ ရှိတယ်။အဲဒါကြောင့် ကျနော်တို့ မပြေးခဲ့ကြတာ၊ သူပြောသလို မပြေးတာ မဟုတ်ဘူး။ အဲလိုသွားနေရင်းနဲ့ ကျနော်တို့ အရမ်းမျှော်လင့်ထားတာ။
အဲဒီအချိန်မှာ ကျနော်တို့ကို ကယ်တင်မဲ့ ကယ်တင်ရှင်အနေနဲ့ မျှော်လင့်ထားတာ ဒေါက်တာ နိုင်အောင်ကိုပဲ။
အပိုင်း(၉)
ABကနေပြီးတော့ ဆင်းလာမယ်လို့ ကြားတော့ ကျနော်တို့မှာ တကယ်ကိုကယ်တင်ရှင်လာမယ်လို့ ထင်တာ။ ကျနော်တို့ အရမ်းမျှော်လင့်ထားတာ၊ ဒေါက်တာနိုင်အောင်ပဲ။
ဘာဖြစ်လို့ မျှော်လင့်ထားလဲ ဆိုတော့ နံပတ်တစ်က သူကဆရာဝန်တစ်ယောက်ဖြစ်နေတယ်။ ကျနော်တို့ရဲ့ လူ ၃၀၀ကျော်ရှိတဲ့ အဖွဲ့မှာ လူ၁၀၀ ကျော် ထောက်လှမ်းရေးဖြစ်နေတဲ့ကိစ္စကို သူ ဆင်ခြင်စဉ်းစားပိုင်းဖြတ်နိုင်လိမ့်မယ်၊ ဒါကို သူ အလွယ်တကူ သိနိုင်မှာပဲလို့ထင်ထားတာ။ မျှော်လင့်ထားကြတာ။
နံပတ် ၂ ကတော့ တောင်ပိုင်းရဲ့ အခြေအနေဟာ မြောက်ပိုင်းအခြေအနေလိုမဟုတ်ဘူး။ တောင်ပိုင်းက နိုင်ငံတကာနဲ့ ထိစပ်မှု ပိုများတယ်။တောင်ပိုင်းအခြေအနေက စည်းမျဉ်းစည်းကမ်းဥပဒေက မြောက်ပိုင်းထက်ပိုအားကောင်းမယ်ပေါ့။ ကျနော်တို့က တကယ့်ကို ကယ်တင်ရှင်လာမယ်လို့ကို ထင်တာ။သူလာရင်တော့ ဒီပြဿနာတွေ ရှင်းသွားမယ်လို့ကို မျှော်လင့်ထားကြတာ။
အဲဒီအချိန်မှာ ကျနော်တို့ရဲ့ ကယ်တင်ရှင်က ဒေါက်တာနိုင်အောင်။
တရက်တရက်ထောင်ထဲကနေ ဖြတ်သန်းနေရတာ ကျနော်တို့အတွက် အရမ်းခက်တယ်။ဒီကြားထဲမှာ မျက်စိတည်း မြင်အောင် တကွက်လောက်ထည့်ပြောချင်တယ်။ စဉ်းစားကြည့်ကိုလှမျိုးအောင် လုပ်သွားတာဆိုရင် အရမ်းရက်စက်တယ်။ အဲဒီကောင် ရူးနေတာ၊ သူနံကြပ်ကူ လုပ်ခိုင်းတယ်တဲ့။ နံကြပ်ကူ ကို လမိုင်းတင်တာဆိုပြီးတော့ ဟေ့အောင်ထိန်လင်း၊ သူ့နာမည်က ထိန်လင်းခေါ် အောင်မင်း။ သူက ထိပ်တုံးထဲမှာကျန်ခဲ့တာကို။
အဲဒါကို နံကြပ်ကူကို လမိုင်းတင်တာဆိုပြီးတော့ ထိပ်တုံးထဲမှာ ကျန်ခဲ့တဲ့ကိုအောင်မင်းကို ကျောကုံးခိုင်းတယ်။ အဲဒီကျောကုံးကို နံကြပ်ကူနဲ့ ရိုက်တာဗျာ… ဟိုလူ အဆုတ်ကွာသွားတယ်။ နောက်တနေ့ ကျနော့်လက်ပေါ်မှာပဲ သေသုံးတယ်။ အဲဒါကိုအောင်မင်းမှာ ဘာအပြစ်မှ မရှိဘူးနော် အဲဒါသူတို့ နံကြပ်ကူ ကောင်းမကောင်းစမ်းတာ၊ လမိုင်းတင်တာတဲ့ ဗျာ…။
အဲဒီလိုတွေ ဆိုတော့ကျနော်တို့မှာ တယောက်နဲ့တယောက်ဖြတ်သန်းရတာ ဘယ်လောက်ခက်သလဲ။ ဒုက္ခများသလဲ၊ ဘယ်နေ့ကိုယ့်အလှည့်လဲဆိုတာ အချိန်တိုင်းတွေးနေရတာ၊အဲဒီအချိန်မှာ ကျနော်တို့ရဲ့ ကယ်တင်ရှင်ကို မျှောင်လင့်တယ်။ အဲဒီအချိန်မှာAB ကလာမဲ့ ဒေါက်တာနိုင်အောင်ကို ကျနော်တို့ မျှော်တယ်။
သူလာရင်တော့ ဒီကိစ္စကြီးက ပြီးသွားမှာပါ လို့ထင်ကြတာ၊ လူတိုင်းတော့မဟုတ်ဘူး၊ အများစုရဲ့ စိတ်ထဲမှာတော့ AB ဆိုတာ ရှိတယ်။ AB ဆိုတာရှိတဲ့အတွက်တော်လှန်ရေးဆိုတာ ရှိတယ်လေ။
အဲဒီမှာ ဒေါက်တာ နိုင်အောင် ရောက်လာတယ်။ အရမ်းပျော်တယ်၊ အရမ်းမျှော်လင့်ကြတယ်။
ဒါပေမဲ့…။
ဒါပေမဲ့ ...ဗျာ။
ဒါပေမဲ့… ကျနော်တို့ ထင်သလို ဖြစ်မလားဘူး။
အဲဒီနေ့က …အဖြစ်အပျက်ကို အကုန်ပြန်မှတ်မိနေတယ်… ။ စွဲစွဲမြဲမြဲကိုမှတ်မိနေတာ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က သူ့ကို ကယ်တင်ရှင်အနေနဲ့လာမယ်လို့ မျှော်လင့်ထားကြလို့။
အဲဒီမှာ လာပြီးတော့မှ သူက ကိုသိန်းထွန်းကို သူစီးတဲ့ ဖိနပ်နဲ့ ချွတ်ပြီးပါးရိုက်တယ်။ ကိုသိန်းထွန်း နားထဲက သွေးထွက်လာပြီး နားကန်းသွားတယ်။
ပြီးတော့ အဲဒီတုန်းက ကျနော်တို့နဲ့ တွေ့စဉ်မှာကျနော်တိုရဲ့ မျက်လုံးတွေကဘာဆိုတာ သိကိုသိတယ်။ ကျနော်တို့က သေတော့မှာ သေနေတာ၊ ကျနော်တို့က သူလာပြီဆိုကတည်းက ကျနော်တို့သူ့ကို ကြည့်တဲ့ မျက်လုံးတွေက အားကိုးတကြီးနဲ့ကြည့်နေတာ။ ကျနော် ပြောရဲတယ်။
အားလုံး သူ့ကို ကြည့်တဲ့ အကြည့်က…ဘယ်လို ပြောမလဲ သိသာတယ်အားကိုးတကြီးနဲ့ ကြည့်နေတာ။ ဘာကြောင့်လဲ ဆိုတော့  အသက်သခင်ကို ၊ကယ်တင်ရှင်ကိုး။
ဒီမျက်လုံး ဒဏ်ကို သူ မှတ်မိနေပါလိမ့်မယ်။
အဲဒါကို ဘာကြောင့်မျက်နှာလွဲခဲ့တာလဲ ဆိုတော့ သူ့ရဲ့အတ္တအကျိုးစီးပွားအတွက်ပဲ။ ကျနော် သုံးသပ်ချက်ကတော့ သူက အဲဒီအချိန်တုန်းကမြောက်ပိုင်းက မဲ ရပြီးသွားပြီ။ သူ ကိုမိုးသီးနဲ့ faces လုပ်နေတာ ဒီမဲတွေကသူ့အတွက် အရမ်းအရေးပါတယ်။ အဲဒါကြောင့်သူက ဒါတွေကို ထောက်ခံပြီးလက်မှတ်ထိုးပေးခဲ့တာ။
ကျနော်တို့ တကယ်ပဲ မျှော်လင့်ချက်တွေ ပျောက်ကုန်တယ်၊ အရုပ်ကြိုးပျက်ပဲ၊ တကယ့်ကို အရုပ်ကြိုးပျက်ပါ။
တကယ်တော့ ဒေါက်တာနိုင်အောင်ဟာ အကျိုးစီးပွားတခုကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ကို ချခဲ့တယ်။ သူက မရိုးသားဘူး။ သူ့ရဲ့အတ္တအကျိုးစီးပွားအတွက်ဆိုရင် ပိုမှန်ပါတယ်။
အဲဒီမှာ ကျနော်တို့တွေ အရုပ်ကြိုးပြတ်ပဲ။ သွားပြီ…မျှော်လင့်ချက်မရှိတော့ဘူး။ ကျနော်တို့ ဘ၀က တော်တော်ကို စုတ်ပြတ်သတ်တယ်ဗျာ။ ကျနော်တို့အနေနဲ့ မဟုတ်ဘူးဆိုတာ
သူကောင်းကောင်း သိတယ်။ ဒါကိုသူက သူ့အကျိုးစီးပွားနဲ့ လဲသွားတယ်။
အဲဒီမှာ...
တကယ်တော့ကျနော်တို့ အသက်တွေအားလုံးကို ကယ်သွားတာက ကိုကျော်နိုင်ဦးပဲ။ သူက သာယာဝတီက ။
ဘယ်လိုကယ်သွားသလဲ ဆိုတော့ ကိုမျိုးဝင်းက ကျနော်တို့၇ ယောက်၇ဲ့ မိဘတွေကို ကိုမောင်မောင်ကတဆင့် စာရေးခိုင်းတယ်။
“မင်းတို့ ထောက်လှမ်းရေးလို့ ၀န်ခံခဲ့ကြတယ်၊ပြီးတော့မင်းတို့ထောက်လှမ်းရေး ဖြစ်နေတယ်ဆိုတဲ့ ကိစ္စကို သိတဲ့ သူရှိတယ်လို့ပြောခဲ့ကြတယ်ဆိုတော့။ အဲတော့ သိတဲ့ သူကို ခေါ်ပေး၊ ငါအာမခံနိုင်တာ ငါ တာဝန်ခံနိုင်တာက မင်းတို့ ရေးတဲ့ စာကို မင်းတို့ မိသားစုဆီရောက်မယ်၊ ပြီးတော့ တလအတွင်းကို အဲဒီလူက ဒီကို တက်လာရမယ်“လို့ကိုမျိုးဝင်းက ပြောတယ်။
ပြီးတော့သူက ဆက်ပြောတယ်။ “တလ ကျော်သွားရင် သတ်မယ်“…တဲ့။
အဲမှာ ကျနော်တို့တွေ ပြာတောက်ကုန်ကြတာ။ ကိုညီလည်းပြာတောက်နေတာပဲ။
အဲဒီမှာ ကျနော်တို့က အသက်ရှင်ချင်လို့သာ ထောက်လှမ်းရေးလို့ဝန်ခံလိုက်ကြရတာကိုး။ ဒါပေမဲ့ တကယ်ထောက်လှမ်းရေးလည်း မဟုတ်တော့၊ အိမ်ကလည်းဘယ်သိနိုင်မလဲ။ ကိုမျိုးဝင်းက စာရေးဆိုတော့ ခက်တာပေါ့။
အဲဒီမှာ ကျနော်က ဘာစဉ်းစားလဲ ဆိုတော့ ကျနော် နောက်တလ အသက်ရှင်ဖို့ အိမ်ကလူတယောက်ကို ခေါ်ပြီး အသက်ခံရမလား၊ ခု ဒီမှာ အသက်ခံရရင် ကျနော်တယောက်ပဲသေမယ်၊ နောက်တလဆိုလို့ အိမ်က လူရောက်လာရင် လည်း အသတ်ခံရမယ် ၂ယောက်သေမယ်လို့ကျနော် စဉ်းစားနေပြီ။ တော်တော်လေးလည်း အကြပ်အတည့်းဖြစ်တယ်။ တယောက်ပဲအသေခံမလား၊ နှစ်ယောက်သေမလား ဘယ်လို ရွေးရမလဲ ဆိုတာကို မီးဖိုမှာ ထိုင်ပြီးမီးလှုံနေရင်း စဉ်းစားတာ။
ခုချိန်မှာ ပြန်ပြောရင်တော့ အဲဒါဟာ ဇာတ်လမ်း ဆန်တယ်။ မီးလှုံရင်းနဲ့ကျနော်လည်း စဉ်းစားရင်း ဘာအိုင်ဒီယာမှ မရဘူး။အဲဒီမှာကိုကျော်က…ကိုမျိုးဝင်းကို ပြောလိုက်တာ။
“ဒီလိုလုပ် ကိုမျိုးဝင်း…ကျနော်က NIB က ဆိုတော့ အကြီးဆုံးပဲ တဲ့ထောက်လှမ်းရေး ဆိုတာလည်း ခင်ဗျားသိတဲ့အတိုင်းပဲ ထောက်လှမ်းရေးဆိုပြီးတော့လည်း ရပ်ကွက်ထဲမှာ ယူနီဖောင်းကြီးဝတ်ပြီးသွားလာကြတာ မှမဟုတ်တာ၊ လျှို့ဝှက်ကြတာပဲ။နောက် ဒီဖြစ်တဲ့ ကိစ္စမှာ ကျနော်ဟာ လူကြီးဖြစ်တဲ့အတွက် ကျနော့်မှာ တာဝန်ရှိတယ်“ လို့ ကိုကျော်က ပြောတာ။
ပြီးတော့ကိုကျော်က ကိုမျိုးဝင်းကို ပြောတယ် “ကျနော်က တာဝန်ခံပြီးကျနော်ပြောလိုက်မယ်။ တက်လာတဲ့ သူက ဒီက လူတွေရဲ့ အဆင့်နဲ့ကိုယ်ပိုင်နံပတ်ကိုပြောမယ်။ တခုတော့ ရှိတယ်ဗျာ ကျနော်တို့ တပ်ကိုသွားပြောလာပါလို့ ပြောရင်သူတို့လည်း လာမှာမဟုတ်ဘူး။ အဲတော့ ကျနော်ရဲ့ အဆင့်ဋ္ဌာနကိုသိချင်တယ်ဆိုရင်ကျနော်တို့ မိဘတွေက ဋ္ဌာနကိုသွားမေးမှ သိလိမ့်မယ်။ ဒါတော့ခင်ဗျားကျနော်တို့ကို chanceပေးရလိမ့်မယ်“ တဲ့။
အဲလိုပြောတော့ ကိုမျိုးဝင်းက အိုကေ တဲ့။
ကျနော်တို့ကတော့ ပြာတောက်နေတာပဲ ဘာမှလည်း စဉ်းစားလို့မရဘူး၊ကိုကြောင်ဘာလုပ်နေတာလဲ ဆိုတာလည်း မစဉ်းစားတတ်ဘူးဘူး။ ကိုကြောင်က ကျနော့်ဘေးနားမှာပဲသူက ကျနော့်ကို မိသားစုအကြောင်း များများသာရေး လို့ ပြောတယ်။
မိသားစုအကြောင်း ညီအကိုမောင်နှမ နာမည်တွေ များများသာချရေးတဲ့ ကိုကြောင်က ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ ဟိုးရှေ့မှာ ရေးထားတဲ့ရ Personal record နဲ့တော့ သိပ်ကွာလို့မရဘူး။
(အဲဒီစာ ခုချိန်ထိ အိမ်မှာ ရှိသေးတယ်…ဟီး…ဟီး…)
ကျနော်လည်း အခုတပ်ထဲမှာ အဖမ်းခံထားရတယ်ပေါ့၊ ဘယ်သူ နေကောင်းလား၊ဘယ်သူ့ကိုသတိရတယ်၊ ဘာညာ ပေါ့ဗျာ မောင်နှမတွေရော…အကုန်လုံးရဲနာမည်လည်းပါအောင် ရေးတာပေါ့ ကိုကြောင်(ကိုကျော်နိုင်ဦး)ကလည်း ပေးလိုက်တယ်။
အဲဒီစာတွေကို မျိုးဝင်းက အကုန်ဖတ်ကြည့်တယ်။ မျိုးဝင်းတဲကနေ အဆင်းမှာကိုကြောင်က ပြောတယ်။
“ငါတို့ တလတော့ အသက်ရှင်သွားပြီ“ တဲ့…အဲလို ပြောတယ်။
အပိုင်း(၁၀)
အဲဒီမှာ ကျနော်တခု ပြောပြချင်တာက ကျနော်တို့ မျက်နှာတွေကသိပ်ညှိုးလို့မရဘူး။ ဘာကြောင့်လဲ ဆိုတော့ အထဲထဲမှာ ရှိနေတဲ့သူငယ်ချင်းတွေကမျှော်လင့်တာကို အဲဒီထဲမှာ စိတ်ကသိပ်အရေးကြီးတယ်လေ။ တယောက်က ညှိုးပြီးအဲလို သွားရင် ကျန်တဲ့ သူတွေကပါ ခေါင်းငိုက်စိုက်တွေ ကျပြီး အဲလိုတွေခွေကျကုန်ကြတာကိုး။
အဲတော့ကျနော်တို့ ပြန်လာရင် သူတို့က သိချင်တယ်လေ၊ အခြေအနေကဘယ်လိုတုန်းပေါ့။ ကျနော်တို့ကလည်း ပြောပြတာပေါ့၊ သူတို့က ခေါ်တွေ့တယ်။အခြေအနေကောင်းတယ်ပေါ့လေ…အဲလိုလေး ပြောတယ်ပေါ့။ သူတို့လည်းမျှော်လင့်ချက်ကလေး ရှိတယ်။
အဲလို ပြောရင်းနဲ့ ရက်ကတဖြည်းဖြည်းကုန်လာရော ကျနော့်စိတ်ထဲမှာလည်း စိတ်ကပူနေတယ်။ ကိုကြောင်ကိုလည်း မေးတယ်။ ကိုကြောင် ဘယ်လိုလဲ ဆိုတော့ကိုကြောင်က ငါတော့ အကောင်းဆုံးလုပ်လိုက်တာပဲတဲ့။ ကျန်တာတော့မသိတော့ဘူးပေါ့နော်။ ငါတော့ အကောင်းဆုံးလုပ်လိုက်တယ်တဲ့။ သူက အဲဒါပဲပြောတယ် ကျနော့်ကို။
ကျနော်တို့ အဲဒီတလလုံး ဟာ တရေးမှ အိပ်မရဘူး။ ကျနော်က မေမေ့ဆီစာရေးလိုက်တာကိုး။ အမေရောက်လာမှာဆိုတော့ သေမှာလား။ ဘယ်လိုဖြစ်လာမလဲ…စိတ်ကလည်း ပူတာပေါ့။ တလနီးလာလေ ပိုပြီးတော့ အိပ်မရလေ။ အဲဒီမှာ ၁၉ရက်နေ့လောက်မှာ ကျနော်တို့က သတင်းလေး သဲ့သဲ့လေး စကြားရပြီ။
၁၉ ရက်နေ့ညမှာ ရင်းမှူးသိုက်ထွန်းက ကျနော်တို့ဆီကိုလာပြီး အဲဒီ message ကိုလာပေးတာ။လာပေးတာက ဧည့်သည်တွေ ရောက်နေတယ် ဘာညာပေါ့။ အောက်မှာကားသံကြားရတယ်။ မေမေတို့ရောက်တဲ့ကားသံကို။
မေမေတို့ရောက်လာတာ ကျနော်ထင်တယ်ဗျ မနက်ခင်းစောကြီး ရောက်လာတာ၊ မနက်ခင်းဆိုတာ သုံးလေး နာရီထိုးလောက်ပေါ့။နေဦး ည ၂ နာရီလောက်ဖြစ်လိမ့်မယ် ထင်တယ်။ကားသံကြားရတယ်။
ကျနော်တို့ကလည်း အဲဒီအချိန်တုန်းက အကုန် နားစွင့်နေတာ။ ဘာလေးပဲ ကြားရကြားရ ဗျာ ။ သိတယ် မဟုတ်လား။ ဘီဘီစီက လာတယ် ကြားရ ကြားရ။ အကုန်နားစွင့်နေကြတာ။
မေမေတို့ ရောက်လာပြီး နောက်တနေ့ မှတ်မှတ်ရရ ၂၀. ၃.၁၉၉၂ ခုနှစ် ပေါ့။ အဲဒီနေ့မှာ တွေ့ခွင့်ရတာ။
ကျနော်တို့နဲ့ မေမေတို့ကို ပေးတွေ့တော့ အဲလိုပဲ ဒီလို ကင်မရာတွေထောင်ထားတာ ရှိတယ်၊ တွေ့တွေ့ချင်း မေမေက ကျနနော့်ကို မမှတ်မိဘူး။မမှတ်မိဘူးဆိုတာကလည်း အဲဒီအချိန်တုန်းက ကျနော်တို့အားလုံးကစားတာသောက်တာမှာလည်း အာဟာရ မရှိဘူး ထမင်းပဲစားရသလိုပေါ့ ဟင်းချိုဆိုရင်လည်း ထားပါတော့ အဲဒါတွေတော့ ကျနော်မပြောချင်တော့ဘူး။
မေမေက ကျနော့်ကို မမှတ်မိဘူး။
နောက်ဆုံး ကျနော်က မေမေ့ကို ရီပြလိုက်တော့မှ မေမေက မှတ်မိသွားတယ်။
မေမေနဲ့ကျနော်နဲ့ တွေ့တော့ ကျနော်က မေမေ့ရဲ့ လက်ဖ၀ါးကို ကိုင်ထားရင်းနဲ့ကျနော်ရဲ့ လက်ခလယ်နဲ့ မေမေ့ရဲ့ လက်ဖ၀ါးကို ကုတ်၊ ကုတ်ပြတယ်။ အဲလိုလည်းလုပ်ရင်း ပါးစပ်ကလည်း မေမေ သားက ထောက်လှမ်းရေး ဘယ်မှာတာဝန်ထမ်းဆောင်ထားရတယ် ဆိုတော့ မေမေကလည်း အေးအေ…သိတယ် သိတယ်ပေါ့..အဲလိုလေးတွေ လိုက်ပြောပေးတယ်။
ကျနော့်အမေနဲ့ ကျနော်နဲ့ eye connect က ရတယ်။ တောက်လျှောက်။ ကျနော် ပြောနေတဲ့ ဟာကို မေမေသိတယ်ပေါ့နော်။
နောက်ပိုင်း မေမေတို့နဲ့ အဲဒီမှာ ကျနော်တို့ မပါသွားဘူး။
မျိုးဝင်း မရှိလို့ ကျန်ခဲ့တယ်။ ကျနော်တို့ကိုယ်တိုင်ကလည်းမလိုက်ချင်တာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကကိုယ်လွှတ်ရုန်းလို့ရတယ်။ ဒီနေရာက ကျနော်
စရောက်ပြီးကတည်းက နေခဲ့တဲ့ နေရာ၊ ဘယ်ကနေ ဘယ်လိုသွားရင်ဘယ်ကိုရောက်တယ်ဆိုတာကျနော် သိတယ်။ ပြေးလို့ရတယ်။ဒါပေမဲ့ ကျနော်တို့စိတ်ထဲမှာ ရှိနေတာ ဘာရှိနေလဲဆိုတော့ ထောင်ထဲမှာ ဆက်ဖမ်းထားတဲ့ ၅၅ယောက်ရှိသေးတယ်။
ကျနော့်ဘ၀ကလည်း ပြောမယ်ဆိုရင် ဇောက်ထိုးကြီးဗျ၊ အချိုးအကွေ့တွေက အရမ်းများတယ်၊ အရမ်းမြန်တယ်။
မေမေတို့လာပြီးတော့ ကျနော်တို့က ထောင်ထဲမှာ မနေရတော့ဘူး၊အကျယ်ချုပ်သဘောဖြစ်သွားတယ်။ အဲဒီမှာ ဘယ်ကိုရောက်လဲဆိုတော့ propagator ကိုပြန်ရောက်တယ်။ propagatorမှာရောက်နေရင်းနဲ့ကျနော်က MP ။တပ်ထဲ Mp ဆိုတာကဂိတ် slipပြားကို ကျနော်က လက်မှတ်ထိုးပေးရတာ ရှိတယ်။
ကျနော်က လူဟောင်းဖြစ်ခဲ့တဲ့အတွက် သူတို့က ကျနော့်ကို Mpပြန်ထားတယ်။ MP ဖြစ်တဲ့အတွက် ထောင်လုံခြုံရေးနဲ့ keep in toch လုပ်လို့ရတယ်။ ကျနော်တို့မိဘနဲ့တွေ့ခွင့်ရတဲ့အတွက်နဲ့ အပြင်မှာ ရှိနေတဲ့အတွက် ထောင်ထဲမှာ ရှိတဲ့ ၅၅ဦးရဲ့ အနေအထားက ချောင်လည်တယ်။
နောက်တခုက မေမေ့ဆီကနေ ကျနော် ပိုက်ဆံယူထားလိုက်တယ်။ မေမေ့ဆီက ယူထားတဲ့ပိုက်ဆံ ကို ကျနော် အဲဒီမှာ ပိုက်ဆံ သုံးတယ်။ ထောင်လုံခြုံရေး တပ်စိတ်လှမျိုးအောင်တို့ တပ်စိတ်တွေ ရှိတယ်။ သူတို့နဲ့ပတ်သက်ရင် ကျနော်ပိုက်ဆံသုံးတယ်။ အဲဒီမှာ ကျနော်တို့က အခြေမဲ့ အနေမဲ့မဟုတ်ဘူးဆိုတာကိုဒီကောင်တွေ သဘောပေါက်သွားတယ်။
ဟီးဟီး…မိသားစုတွေ လာတော့ ရေတွေ ပါလာတာပေါ့ ရေပါလာတော့ ကျနော်ပိုက်ဆံသုံးတယ် အဲဒီမှာ။ ဒီကောင်တွေနဲ့ သွားတယ် အရက်ဝိုင်းတွေမှာဆိုရင်သူတို့နဲ့ ထိုင်တယ်၊ သူတို့ အတွက် ပိုက်ဆံရှင်းပေးတယ်၊ ဒီဘက်မှာကျနော်ကဒီလိုပေးနေခြင်းအားဖြင့် အထဲက ကျနော့်သူငယ်ချင်းတွေအတွက် အနေအထား တခုထိတော့အဆင်ပြေတယ်။
အဲဒီတုန်းက ကျနော်တို့ကို ပြောထားတာက မင်းတို့ ၉ ယောက်ပြေးရင် ၅၅ယောက်ကို သတ်မယ်၊ ၅၅ ယောက်ပြေးရင် မင်းတို့ ၉ ယောက်ကို သတ်မယ်လို့ပြောထားတာကိုး။
ကိုမောင်မောင် ရေးထားသလို ကျနော်တို့ ပြေးဖို့ အဆင်မပြေတာမဟုတ်ဘူုး၊ ကျနော်တို့မှာ လုပ်ချင်သေးတာတွေ ရှိလို့ နေခဲ့ကြတာ။
အဲဒီမှာ ၅၅ ယောက် မပြေးခင်က ကိုမြင့်သိန်းက ကျနော့်ကို ပြောတယ်။ ဆိတ်တဲလေးမှာ ပြောတာဗျ။ ဘိုဘိုတဲ့…။ ငါတို့ သွားတော့မယ်တဲ့…။ သူတို့ ၅၅ ဦးထွက်ပြေးဖို့ ဆင်နေပြီ ဆိုတာကျနော်တို့ သိတယ်။
သူတို့ စိတ်ထဲမှာ ထင်ထားတာကလည်း သူတို့ ပြေးရင် ကျနော်တို့ ၉ ယောက်ကိုသတ်မယ်လို့ပဲ ထင်ထားတာ။ ကျနော်တို့ကလည်း အဲလိုပဲ ထင်ထားတာ။ ၉ ယောက်နဲ့ ၅၅ယောက်လဲမယ်ပေါ့။ အဲလိုပဲ စဉ်းစားထားကြတာ။
အဲတော့ကိုမြင့်သိန်းက ကျနော့်ကို ဘိုဘို…တဲ့ မင်းငါ့ကို အမှတ်တရ တခုတော့ပေးလိုက်တဲ့။ ဘာလိုချင်လဲ လို့ကျနော်က မေးတော့ ဘာပဲဖြစ်ဖြစ်ကွာ၊အမှတ်တရတဲ့…။
အဲဒီမှာ ကျနော်က စွတ်ကျယ်အနီလေးဗျ ယူနီဖောင်းကနေ ပေးမရဘူးလေ၊အဲဒါကြောင့် စွတ်ကျယ်အဲဒါကို ချွတ်ပြီး သူ့ကို ပေးလိုက်တာ။(သူသိမ်းထားတုန်းပြောတယ် အဲဒီ စွတ်ကျယ်အနီလေးကို)
“ရော့…အဲဒါ အမှတ်တရပဲ…“လို့ “လွတ်အောင်သာ ပြေးတော့လို့ “ပြောပြီး ပေးလိုက်တာ။
အဲဒီနေ့ ညမှာကျနော်နဲ့ ဖက်အိပ်နေတာက ကျော်ထင်ဦး။ သူနဲ့ကျနော်နဲ့ ကဟိုးအရင်ကတည်းက ဘော်ဒါဗျာ။ နောက် ကျနော်တို့ section က AB မှာ သူဋ္ဌေး section ဗျာ။ဘာကြောင့်လဲ ဆိုတော့ကိုမျိုးဝင်းရဲ့ faver ရတယ်လေ။ ဒီရက်ပိုင်းမှာပဲ သူတို့ပြေးတော့မယ်ဆိုတာ ကျနော် သိတယ်။ အဲဒီညကကျော်ထင်ဦးက ကျနော်နဲ့ လာအိပ်တာ။
ညဘက်မှာ စက်သံက နိုးလာတာ။ နိုးလာပြီးတော့မှ ..အဲဒီမှာ အချုပ်ထဲက ကောင်တွေ တယောက်မှ မရှိတော့ဘူးတဲ့… အဲလို စကြားတာ။
အဲဒီအချိန်မှာ ကျနော်တို့ကို ဆက်ဆံပုံက ချက်ခြင်းပဲ ပြောင်းသွားပြီ၊ကျော်ထင်ဦးရော အခြား ကျောင်းသားတပ်ကလူတွေရော ပြောင်းသွားပြီ။ပြောရရင်တော့ဗျာ ကုတင်ပေါ်ကနေ မြေပြင်ပေါ် ပြန်ရောက်သွားတာပေါ့။
အဲဒီအချိန်မှာ ကျနော်တို့ကို ခေါ်ပြီးတော့ ထိုင်ခိုင်းထားပြီ ထိုင်ခိုင်းထားတဲ့ ရှေ့မှာပဲ ကိုသံချောင်းက အမိန့်ပေးတယ်။
“အဲဒီ ကောင်တွေအားလုံးကို တွေ့တဲ့ နေရာမှာ သတ်ပစ်လိုက်“…အဲလိုအမိန့်ပေးတယ်။ ပြီးတော့ ဖရီးဂျက်ကက်တွေ ပေးလိုက်တယ်၊ ပြီးတော့သံပုရာသီးလို့ ခေါ်တဲ့ ဗုံးတွေ ပေးလိုက်တယ်။ တွေ့တဲ့ နေရာ သတ်ဖို့။
အဲဒီမှာ မြို့ပေါ်တွေ့ရင် မြို့ပေါ် သတ်ပဲ။ သံချောင်းပေးတဲ့ အမိန့်က ပြတ်တယ်။ အကုန်သတ်ဆိုပြီး ပေးလိုက်တာ။
အဲဒီအချိန်မှာဦးစီးနေဒွန်းတို့ ရှိတယ်။ ကျနော်တို့ကို လာပြီးတော့မှသတ်တော့မှာ။ ကျနော်တို့ကို ညနေခင်းမှာ သတ်မယ်လို့ သိရတယ်။ မနက်ပိုင်းမှာလာကြည့်တယ်။
အပိုင်း(၁၁)
ကျနော်တို့က သူတို့ ပြေးကတည်းက ကျနော်တို့ကို သတ်တော့မယ်ဆိုတာသိတယ်။ ညနေကြရင် အားလုံးကို သတ်မှာ။
မနက်ခင်း ထိုင်ခိုင်းပြီးတော့ မျက်နှာသစ်ချင် သစ်ကြလို့ ပြောတော့ကျနော်တို့တွေ တယောက်ချင်းဆီ မျက်နှာသစ်ကြတယ်။ တယောက်ပြီး တယောက်သစ်ကြတယ်။တယောက်က သွားသစ်တယ်၊ ပြန်လာတယ် နောက်တယောက်က သွားသစ်တယ်။
အဲဒီလို အချိန်မှာ ကျနော်တို့ လမ်းမှာ တယောက်ချင်း ဆီ သွားတဲ့ကာလမှာအဟလေး ရှိတယ်။အဟလေး နည်းနည်းရတော့ ကျနော်တို့ တယောက်မျက်နှာ တယောက်ပဲကြည့်နေတော့တာပဲ။ ငါတို့တွေ သေကြရတော့မယ်ပေါ့။ အဲဒီအချိန်ထိကိုကျော်နိုင်ဦးကတော့ အေးအေးဆေးဆေးပဲ သူက။
သူက ကျနော့်နားကပ်ပြီး ပြောလိုက်သေးတယ် “ဟိတ့်ကောင်… နည်းနည်း တင်းထားဦးမင်းက ရုပ်တော်တော် ပျက်တယ်“ တဲ့…။
သူပြောလို့သာ မာန်တင်းထားရပေမဲ့ အသတ်ခံရတော့မှာ သေချာနေပြီပဲ..ဘယ်လိုနည်းနဲ့အသတ်ခံရမလဲ ဆိုတာကိုလည်း စဉ်းစားပြီး လန့်နေပြီ။
ကျနော်ကတော့ ဘယ်လို သေမလဲ ဆိုတာပဲ စဉ်စားမိတော့တာ၊ တခြားခေါင်းထဲမှာလည်းဘာမှ မရှိတော့ဘူး။ ဒါပဲ စဉ်းစားနေတော့တာပဲ။ နောက်တခုက ဟိုပြေးသွားတဲ့သူတွေအတွက်ကိုလည်း စိတ်ပူတယ်။ သူတို့ လွတ်ပါစေလို့ပဲ ကျနော်တို့ဝိုင်းပြီး ဆုတောင်းပေးဖြစ်ကြတယ်။
မပြေးခင်တုန်းက ပြေးဖို့ စီစဉ်တော့ ကိုမြင့်သိန်းက ပြောတယ် ကျနော်တို့ ၉ဦးနဲ့ ၅၅ ဦး လဲရအောင်တဲ့။ ကျနော်တို့ကတော့ လဲပါ။ လဲသင့်ပါတယ်။ ၅၅ဦးစလုံးလွတ်ရင် ကျေနပ်တယ်လေ။
အဲဒါကြောင့် သူတို့ကို လွတ်စေချင်တယ်။ သူတို့ ပြန်ဖမ်းမိရင်လည်းကျနော်တို့က အသတ်ခံရမှာပဲ၊ သူတို့လည်း အသတ်ခံရမှာပဲ ဆိုတော့သူတို့လွတ်ဖို့ပဲ ဆုတောင်းတော့တယ်။
ကိုကျော်နိုင်ဦးကတော့ တော်တော် ခေါင်းကောင်းတဲ့ သူဗျ။ သူက ဥာဏ်နီ ဥာဏ်နက်ကလည်း ထွက်တယ်… ဟီးဟီး။…ခုလည်း သူပဲ ကယ်သွားတာ။
အဲဒီမှာတခု ဖြည့်ပြောချင်သေးတယ်၊ ကိုကျော်နိုင်ဦးက ရှေ့မှာ ကျနော်တို့မိဘတွေဆီကို စာရေးခိုင်းတော့ သူက အဲဒီမှာဆင်ပြီး ရေးသွားတာ။ သူကထောက်လှမ်းရေးကလည်း မဟုတ်ပါဘူး၊ ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်း လို့သာကျနော်တို့က ထောက်လှမ်းရေးက လို့ ၀န်ခံလိုက်ကြရတာလေ။
အဲဒီမှာ ကိုကြောင်က စာထဲမှာ သူ့အဖေကို ရေးတာ။ အဖေတဲ့ ကျနော့်ရဲ့ အဆင့်နဲ့ရာထူးကို သိချင်ရင် အမျိုးသားထောက်လှမ်းရေး က ဗိုလ်မောင်မောင်ဝင်းကိုမေးကြည့်ကြည့်လိုက်ပါတဲ့…။ သူ့အဖေက ဒီ စာကြောင်းက အရမ်းထူးဆန်းတယ်ပေါ့။အဲဒါနဲ့ သူ့အဖေက ထောက်လှမ်းရေးကို သွားမေးကြည့်တယ်။ ထောက်လှမ်းရေးကလည်း ဟာကျနော်တို့ မသိဘူးလေတဲ့…။ သူတို့ကလည်း ဘယ်လိုလုပ်သိမလဲ...ဟုတ်မှမဟုတ်တာကို။
ဒါပေမဲ့ အဲဒီ Key ကို သူ့အဖေက ဖြည်နိုင်မှ ကိုမျိုးဝင်းလက်ထဲကနေ ကျနော်တို့ကို သူက ကယ်လို့ရမှာ မှားသွားရင် အကုန်အသတ်ခံရမှာလေ။ ကိုမျိုးဝင်းက သူ့အဖေ ဒီရောက်တဲ့အချိန်မှာ ကျနော့်သားရဲ့ အဆင့်က ဘာပါ၊ဘယ်ဋ္ဌာနက ဆိုပြီး ပြောပြရမှာ ကျနော်တို့အားလုံး အသတ်ခံရမှာ။
အဲဒီ key က စဉ်းစားရင်းနဲ့ အန်ကယ်ကြီးက သူ့သူငယ်ချင်းထဲမှာ ဗိုလ်မောင်မောင်ဝင်းဆိုတာ ရှိလားတဲ့၊ မရှိဘူးတဲ့။ ဗိုလ်မောင်မောင်ဝင်းဆိုတာမရှိရင် သူ့သူငယချင်းတွေထဲမှာ မောင်မောင်ဝင်းဆိုတာ ရှိလားဆိုတော့မောင်မောင်ဝင်းဆိုတာက အိမ်နားက ရေစည်လှည်းတွန်းတဲ့ သူဖြစ်နေတယ်။
အန်ကယ်ကြီးက စဉ်းစားတယ်ပေါ့လေ ရေစည်လှည်းတွန်းတဲ့ မောင်မောင်ဝင်းကိုဘာဖြစ်လို့ ထည့်ရေးလဲ ပေါ့။ အဲဒီက သူ့စာထဲမှာ စပါယ်အေးရော နေကောင်းလား၊နောက်ထပ် ထူးဆန်းတာ တခုက ပင်းပင်းကိုလည်း သတိရတယ်..လို့ ရေးထားတာ။ အဲဒါဘာလဲ ဆိုတာကို ဆက်စဉ်းစားတော့…။ သူက စာထဲမှာ မိသားစုနာမည်တွေ ထည့်ရေးတယ်၊ဒါပေမဲ့ ပင်းပင်းဆိုတာ မရှိဘူး။ နောက် အဲဒီမှာ စဉ်းစားတော့… ပင်းပင်းဆိုတာတရုတ်လို အတူတူပဲ။ အဲဒီမှာမှ key word ကို သိသွားတာ။
သူတို့ကို “ဗိုလ်ကျော်နိုင်ဦး ၊ အမျိုးသားထောက်လှမ်းရေး…“ အဲဒီအတိုင်းပြောလိုက်လို့ ပြောလိုက်တာ။
ကိုမျိုးဝင်းကိုလည်း အဲလို ပြောလိုက်တော့မှ အဆင်ပြေသွားတာ။
အဲဒီ ဗိုလ်ကျော်နိုင်ဦး၊ အမျိုးထောက်လှမ်းရေး ဆိုတဲ့ Key word က ကျနော်တို့ မိဘတွေနဲ့ ကျနော်တို့ တွေရဲ့ အသက်ကိုကယ်ခဲ့တာပဲ။
သူတို့က ကျနော်တို့ရဲ့ မိဘတွေကို ရွှေလီမှာ မေးတယ်လေ ကျော်နိုင်ဦးရဲ့အဆင့်နဲ့ ဋ္ဌာနကို ပြောပေါ့။ အဲဒီမှာ ကိုကျော်နိုင်ဦးက သူ့အဖေဆီကိုစာရေးတော့သူက တကယ့်ထောက်လှမ်းရေးမှ မဟုတ်တာ ဘယ်နဲ့လုပ်ပြီး အဆင့်တွေ၊ဋ္ဌာနတွေ ရှိမှာလဲ ဒါပေမဲ့ စာထဲမှာ သူ့အဖေက သူ့ရဲ့ key word ကိုဖြေနိုင်အောင် သူက ပင်းပင်းတို့ ဗိုလ်မောင်မောင်ဝင်း၊အမျိုးသားထောက်လှမ်းရေးတို့ ဆိုတာတွေ ထည့်ရေးပေးလိုက်တာ။
အဲဒီ key wordတွေကို အန်ကယ်ကြီးကလည်း ဖြီနိုင်လို့ ရွှေလီမှာ မိဘတွေကိုမေးတုန်းက ဗိုလ်ကျော်နိုင်ဦး၊ အမျိုးသားထောက်လှမ်းရေးကလို့ပြောနိုင်တာ…အဲဒီမှာ ကိုကျော်နိုင်ဦးကို ထောက်လှမ်းရေးလို့ စစ်တုန်းကထွက်ချက်နဲ့ တူသွားတာ။
ကျနော်တို့ဆီကို လာတဲ့ မိဘတွေကလည်း ဒီဟာကို သေသေချာချာမသိဘဲနဲ့လည်းမတက်ရဲဘူး။ အဲဒါကို ခေတ်သစ်ဟင်္သာကိုးသောင်းရေးတဲ့ ကိုမောင်မောင် သိတယ်။ဒါပေမဲ့ စာအုပ်ထဲမှာတော့ ဘာဖြစ်လို့ ထည့်မရေးသွားတာလဲ။
အဲဒီလို နည်းနဲ့ သူက ကျနော်တို့မိဘတွေရောကျနော်တို့ကိုရော ကယ်ခဲ့တာ။ ခုလည်း သူက ကယ်ခဲ့တာပဲ။
ကျနော်တို့ကို ညနေမှာသတ်တော့မယ်ဆိုတော့ အဲဒီမှာ သူက ကိုသံချောင်းကိုပြောတယ်၊ အဲမှာ ရော်နယ်အောင်နိုင်လည်း ရှိတယ် ထင်တယ် ကျနော် သေချာတော့မမှတ်မိတော့ဘူး။ ဟုတ်တယ် ရှိမယ်ထင်တယ်။
နောက် ကိုကျော်နိုင်ဦးပြောတဲ့ စကားလုံး အတိအကျကိုတော့ အသေးစိတ် ကျနော် မမှတ်မိတော့ဘူး။
“ဒီလိုလုပ်ပါ၊ ကျနော်တို့ကို ထောက်လှမ်းရေးအနေနဲ့ ဖမ်းထားတာ မှန်တယ်။ကျနော်တို့ဟာ…အထက်က ပေးခဲ့တဲ့ အမိန့်အတိုင်းအကုန်မလုပ်ခဲ့ပါဘူး။လုပ်ခဲ့ရင်လည်း ဒီအချိန်မှာ ဒီအခြေအနေ ရှိမှာမဟုတ်ဘူး`“တဲ့… သူက အဲလိုသဘောမျိုးပြောခဲ့တယ်။
“ဘာကြောင့်မလုပ်ခဲ့လဲ ဆိုတော့ ကျနော်တို့ ကျောင်းသား တပ်ကို စေတနာထားသွားလို့…အော်…ကျောင်းသားတွေက ဒီလို ရှိပါလား ဆိုပြီးတော့ မြင်မိတော့ကျနော်တို့ အထက်က ပေးတဲ့အမိန့်အတိုင်းမလုပ်ခဲ့ပါဘူး။ အဲတော့ ကျနော်တို့အနေနဲ့ သေရမယ်ဆိုတာလည်း သိပါတယ်။ ကျောင်းသားတပ်ကို နောက်ဆုံး အနေနဲ့ ကျနော်စေတနာထားပြီးတော့ နောက်ဆုံး တခု လုပ်ပေးခဲ့ချင်ပါတယ်၊ အဲဒါကို ကျောင်းသားတပ်က ခွင့်ပြုပေးပါ“ …တဲ့။
အဲဒီလူက အဲလိုပြောလိုက်တာ။
“ကျောင်းသားတပ်အတွက် နောင်ဆုံးလုပ်ပေးခဲ့ချင်တာ တခုပါ`“တဲ့…။
အဲတော့ “ဘာလဲ ဟေ့ကောင် ပြော…”တဲ့။
“ဒီလူတွေက ဟိုရောက်သွားပြီ ဆိုလို့ရှိရင် သေချာပေါက်သတင်းစာရှင်းလင်းပွဲ လုပ်လိမ့်မယ်တဲ့။ အဲဒီ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အချိန်ကြရင် ဒီလူတွေက သူတို့ ထောက်လှမ်းရေး မဟုတ်ပါဘူး ဆိုတာကိုပြောလိမ့်မယ်…၊ အဲတော့ သူတို့ဟာ ထောက်လှမ်းရေး ဖြစ်ပါတယ်ဆိုတာကိုသက်သေပြဖို့အတွက် ကျနော်တို့ဟာ လိုအပ်လိမ့်မယ်..အဲတော့ ကျနော်တို့ကိုသတ်ပါ၊မသတ်ခင်မှာ ကျနောတို့ကို သတင်းစာရှင်းလင်းပွဲလုပ်ပေးပါ၊ record ယူထားပါ…အဲလို လုပ်လိုက်ပါ..“ တဲ့…။
အဲဒီမှာ ဟိုလူတွေ လည်သွားတာ။ …အကုန်လည် ကုန်တာ။ လည်သွားပြီးတော့သူတို့စဉ်းစားကြတယ်။ အဲတော့ မင်းပြောတာ ဟုတ်တယ်၊ သတင်းစာရှင်းလင်းပွဲလုပ်ပေးမယ်ဆိုပြီး ဖြစ်သွားရော…။
အဲဒီမှာကိုကြောင်(ကိုကျော်နိုင်ဦး)က အရမ်းကောင်းတာ၊ တကယ်ကိုအရေးကြီးတဲ့အချိန်တိုင်းမှာ စဉ်းစားလို့ရတာ။အဲဒီမှာ သူက ခပ်တည်တည်နဲ့ပဲအေးအေးဆေးဆေး ဆက်ပြောတယ်။
“ကျနော်တို့ ဒီမှာသတင်းစာရှင်းလင်းပွဲ လုပ်တာထက်၊ထိုင်းဘက်မှာသွားလုပ်ချင်တယ်၊ ဒါမှ နိုင်ငံတကာနဲ့ ထိဆက်မှု ပိုများမယ်။ထိထိရောက်ရောက်လည်း
ဖြစ်မယ်၊ ကဲ…ထိုင်းမှာသတင်းစာရှင်းလင်းပွဲ လုပ်ပြီးရင် ကျနော်တို့ကိုသတ်ပစ်လိုက်တော့…ရပြီ“ တဲ့…။
ကဲ…။
အဲဒီမှာ …သံချောင်းက …ဟား ဟား…တကယ်တော့ ထိုင်းသွားဖို့ မလွယ်ဘူး၊ ဒါပေမဲ့သူက အရမ်း ထိုင်းကိုသွားချင်တာ။
အဲဒါဘာကြောင့်သွားချင်တာလဲ ဆိုတော့ သူတို့ စိတ်ထဲမှာတကယ့်ကို ထောက်လှမ်းရေး မိတယ်ပေါ့၊ ကိုသံချောင်းက အဲဒီတုန်းက တော်တော်ရိုးတယ်။
ဟာ…ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်တဲ့…။ အဲဒီနေ့ ညနေမှာကျနော်တို့ကိုသတ်မဲ့ ကိစ္စ မသတ်တော့ဘဲနဲ့ အေး မင်းတို့ကိုသတင်းစာရှင်းလင်းပွဲလုပ်မယ်ပေါ့။
အဲဒီလိုနည်းနဲ့ ကျနော်တို့ မသေဘဲနဲ့ ရှင်လာခဲ့တာ။
ဒီကြားထဲမှာ ကျနော်ကို ပြောတာက ကျောင်းသားတပ် ပြိုကွဲအောင် မလုပ်ရဘူး။မစည်းရုံးရဘူး၊ နံပတ် ၂ ထွက် မပြေးရဘူး။ (၃) ထောက်လှမ်းရေး မဟုတ်ပါဘူး လို့မပြောရဘူး။ ဒီသုံးချက်နဲ့ ကျနော်တို့ကို ချည်းထားတယ်။
အဲတော့ ကျနော်တို့က ထောက်လှမ်းရေး ဟုတ်ပါတယ်လို့ပဲ ပြောရတာ။ အဲလိုထောက်လှမ်းရေး ဟုတ်ပါတယ်ဆိုတာကို ကျယ်ကျယ်လောင်လောင်ပြောတယ်။အရူးကွက်နင်းတာပေါ့ဗျာ။ ထောက်လှမ်းရေး ဆိုမှ ကျနော်တို့ကလည်းအသက်ချမ်းသာမယ်လေ..အဲတော့ ဟုတ်တယ် ကျနော်က ထောက်လှမ်းရေး။ ထောက်လှမ်းရေး ၇ ကအဲလို ပြောတယ်။
နောက်မှ ရောက်တဲ့ကလေးတွေက ကျနော့်ကိုကြည့်ပြီး မျက်စိတွေလည်နေတာ၊ထောက်လှမ်းရေးလည်း ပြောတယ်၊ ပြီးတော့ ဒီကျောင်းသားတပ်ထဲမှာလည်း ရှိနေတယ်။ဘာလဲဟ ပေါ့။ ကျနော့်ကို လာမေးတော့လည်း ဟုတ်တယ် ကိုယ်က ထောက်လှမ်းရေး..ပေါ့။အဲဒီလို လေးတွေလည်း ရှိတယ်။
ဒီကြားထဲမှာ ဆင်ရတာတွေ ရှိတယ်။ အတိုချုပ်ပြောမယ်ဆိုရင် သူက ကျနော့်တို့ကို သတ်လို့မရဘူးဖြစ်နေတယ်။
ဘာဖြစ်လို့လဲဆိုတော့ မေမေတို့က UN ကိုလည်း စာတင်တယ်၊ ထိုင်းမှာလည်းစာဖြန့်တယ်။ သူတို့ ကျနော်တို့ကို သတ်လိုက်ရင် ရှင်းရမှာတွေ ရှိတယ်။
နောက် ၅၅ ယောက်ကလည်း လွတ်သွားပြီဆိုတော့ ဒီကိစ္စကို သူတို့ အရင်လိုလုပ်ချင်တိုင်းလည်း မလုပ်ရဲတော့ဘူး။ ကျနော်တို့ကို သတ်ဖို့လွယ်ပေမဲ့ သတ်ရင်သူတို့ ရှင်းရတော့မယ်။
ဒီမှာ ဆက်ထားရမလား ပေါ့။ အဲလို ကြားတော့လည်း ကျနော်က ပြဿနာရှာတယ်၊ပြဿနာကို ဘောင်ထဲကနေ ရှာတာမျိုးတွေ ရှိတယ်။ဒီကြားထဲမှာမေမေတို့ပြန်လာမခေါ်ခင် ကျနော်တို့ နေထိုင်ရတဲ့ အပိုင်းက ခက်ခဲတယ်၊ ပြီးတော့သေချာ ပြန်ပြောရင် တော်တော်များတယ်။
မေမေက တောက်လျှောက်မူဆယ်မှာနေပြီး ကျနော်တို့နဲ့ အမြဲ အဆက်အသွယ်လုပ်ပြီးချိတ်တယ်။ သူရတဲ့ လင့်တွေကနေ မေမေက တောက်လျှောက် ချိတ်ရှာတယ်။ ဒါပေမဲ့လွဲလွဲ နေတာ။ အဲဒါတွေလည်း ရှိတယ် ။ မေမေက သူ ကျနော့်ကို တပ်ထဲကပုံစံတွေ့ပြီးကတည်းက မေမေက ဘာအလုပ်မှ လုပ်လို့မရတော့ဘူး။
မန္တလေးမှာ တောက်လျှောက်နေတယ်…မူဆယ်တက်တယ်။ မူဆယ်ကမှ တဆင့် ကျနော်တို့ဆီကို ချိတ်ဖို့ ကြိုးစားတယ်ပေါ့။ အဲလိုနဲ့ အလုပ်တွေ ရှုပ်နေတာ ကျနော်တို့ပြန်ထွက်ဖို့လေ။
ကျနော်တို့တွေ ပြန်ထွက်ဖို့လေ အဲလို တောက်လျှောက် ကြိုးစားလာကြတာ မိဘတွေက။
အဲဒီမှာ မေမေက မူဆယ်မှာနေပြီး တောက်လျှောက်ချိတ်တော့တာ။ အဲဒါကြောင့်ကျနော်တို့လည်း စီးပွားပျက်တော့တာပဲ။ ကျနော်တို့အိမ်ရောင်းလိုက်ရတယ်…နောက်ဆုံးတော့။
ဒီကြားထဲမှာ ကိုကျော်နိုင်ဦး ကစားတာတွေလည်း ရှိတယ်။ သူကလည်းတောက်လျှောက် ဥာဏ်သုံးလာတာ။ တရုတ်ရဲဘက်ကလည်း ကျနော်တို့နဲ့ပတ်သက်တဲ့သတင်းတွေကို တောက်လျှောက်စုံစမ်းနေတယ်ပြီးတော့ တရုတ်ရဲကားနဲ့ကျနော်တို့ထဲထိ ရောက်ချလာမယ်၊ ပြီးရင် ကျနော်တို့လူတွေကိုတင်ပြီးတော့ချက်ခြင်းပြန်ထွက်မယ်ပေါ့ အဲလိုတွေလည်း စီစဉ်တာ။
တရက်ကျတော့ ကျနော်တို့ ဆီကို ဘာလာသလဲ ဆိုတော့ ဘိုဘိုတဲ့ နင့် ဦးလေးတယောက် ယောက်လာတယ်တဲ့…နင့်ကို အကျီာင်္နဲ့ ပိုက်ဆံနဲ့ ပေးလိုက်တယ်တဲ့။ နာရီပါလား မသိဘူးဗျ၊ ကျနော်လည်းေ၀၀ါးကုန်ပြီ။ နောက် အဲဒီလို ဦးလေး လာတယ်ဆိုတာသံချောင်းကပဲ ကစားတာလား၊ တကယ်ပဲ ကျနော့် ဦးလေး လာတာလားဆိုတာလည်း ကျနော်ကမှန်းဆလို့ရမရဘူးဖြစ်နေတယ်။
အဲဒီမှာ ကိုကြောင်နဲ့ ကျနော်တို့ တိုင်ပင်ပြီးတော့သံချောင်းတဲကိုတက်သွားကြတယ်။ ကိုသံချောင်း ဒီမှာ လာချိတ်တယကျနော်တို့ကို…အဲဒီလို ရိုးသားပြတာ။ အဲဒီလူက တရုတ်ရဲကားနဲ့ ရောက်နေတဲ့အချိန်မှာ ကျနော်တို့က နောင်ဝန်မှာဆင်းချလိုက်တော့ လွဲသွားတာ။သူတို့ကလည်းအကြာကြီးနေလို့မရဘူးလေ။ အဲဒါနဲ့ပြန်ဆုတ်ပေါ့။ မေမေတို့ခမျာလည်း ရတဲ့နည်းနဲ့ ရသလို ကျနော်တို့အတွက် ကြိုးစားတာလေ။
ကြားထဲမှာ တခု ပြောချင်တာက သန်းဇော် အသက်ကို ကယ်ထားတာက ကျနော်တို့ပါ။ အဲဒါ ကိုသန်းဇော် သိတယ်။ သူ့အသက်ကို ကျနော်တို့ ကယ်ထားတယ် ဆိုတာ။
ဘာကြောင့်အဲလိုပြော သလဲဆိုရင် ကိုမျိုးဝင်းရှိတဲ့အချိန်မှာ သန်းဇော်ကထောက်လှမ်းရေး တာဝန်ခံ။ အဲဒီမှာ ကိုသံချောင်းရဲ့ Backingပြန်လိုက်တာ။အဲဒါကို
ကိုသံချောင်းက ပြန်သိသွားတာ။ ပြန်သိသွားတော့ ငါ့ Backing ကို လိုက်တာ ဘယ်ကောင်လဲ ဆိုတော့ သန်းဇော်ဖြစ်နေတာ။
အဲဒါနဲ့ပတ်သက်ပြီးတော့ ကိုသံချောင်းက ဘာပြောလဲဆိုတော့ ဒီထဲမှာထောက်လှမ်းရေးတွေ ရှိသေးတယ်၊ မင်းတို့တွေ သိလိမ့်မယ်။ မင်းတို့ကလည်းထောက်လှမ်းရေး ဆိုတဲ့ မင်းတို့က ငါတို့နဲ့ ပူးပေါင်းပြီးတော့ထောက်လှမ်းရေးတွေကို ရှာပေးပါ“တဲ့…။ သူပြောချင်တာက ကိုသန်းဇော်ကို ပြောတာ။
တကယ်တော့ ကိုသန်းဇော်ကြိုက်တဲ့ ကောင်မလေးက ကိုသံချောင်းနဲ့ ငြိနေတာ၊ကိုသံချောင်းက စစ်ရေးတာဝန်ခံလေ၊ ပြီးတော့ ကိုသံချောင်းက အဲဒီအချိန်မှာအရမ်းပေါ်ပြူလာဖြစ်တာကိုး။ ပြီးတော့ လုပ်ပိုင်ခွင့်နဲ့ အာဏာကလည်းကိုသံချောင်းက သာတယ်။ တပ်ရဲ့ Figure ကလည်း ကိုသံချောင်းက ရှိတယ်။
ကိုသံချောင်းက ကိုသန်းဇော်ကို ပြန်သတ်ချင်တာ။ ဘယ်လိုလဲ…ဘာလဲပေါ့အဲလိုလေးတွေလည်း နည်းနည်းရှိတယ်။ ကိုသံချောင်းဘေးနားမှာရှိတဲ့ကိုကျော်ခိုင်တို့ ကိုအောင်စိုးမြင့်တို့ သူတို့သိလိမ့်မယ်။
ကိုသံချောင်းက ကျနော်တို့ကို မျောကြောင်း ပေးနေပြီ၊ ကျနော်တို့ကကိုသန်းဇော်ကို ဟုတ်တယ်လို့ပြောလိုက်ရင် သူ အသတ်ခံရတော့မှာ။ အဲဒီမှာကျနော်တို့ ပါးစပ်ကနေ ထွက်လိုက်ရင် အဲဒီကောင် ထောက်လှမ်းရေး၊ အဲဒီအချိန်မှာတမ်းပြီး အသတ်ခံရမှာ အဲလိုတွေဖြစ်ကုန်တာ။
အဲလိုတွေဖြစ်ကုန်တော့ ကျနော်တို့ကို တပ်ထဲက လူတွေက ဘယ်လိုဆက်ဆံရမှန်းမသိဘူး။ ကျနော်တို့ကို ခွေးတွေ ဘာတွေ ပြောပြီးတော့မှအဲလိုတွေဖြစ်ကုန်တာ၊ ရိက္ခာထုတ်တဲ့ အချိန်ဆိုရင် ကျနော်တို့က တော်တော်မျက်နှာငယ်ရတယ်။ တတပ်လုံးရိက္ခာတွေ ထုတ်ပြီး ကုန်မှ ကျနော်တို့က ထုတ်ရတာ။
ထုတ်ပေးတဲ့ သူတွေကလည်း ကြည်ကြည်သာသာ ထုတ်ပေးကြတာ မဟုတ်ဘူး။ထားပါတော့သူငယ်ချင်းတွေပါပဲ၊ ရိက္ခာဝေတဲ့ ကောင်မလေးတွေဆိုရင် ကျနော်တို့ရဲ့ဂျူနီယာတွေပါ။ သူတို့တွေက ကျနော်တို့ကို တကယ့်ကို မကောင်းတတ်လို့ ပေးရတဲ့ဟာမျိုး ဆက်ဆံတာ၊ ဥပမာ ရဲဘော်တွေက အသားရရင်၊ ကျနော်တို့က အရိုးပေါ့။အရိုးမှာတောင် တကယ့်နည်းနည်းလေးပေါ့ အဲဒီလို။
အဲဒီတုန်းက ကျနော်တို့တွေက ငါတို့ကြောင့်တော့ ဘယ်သူမှ ဒုက္ခမရောက်စေရဘူး၊သန်းဇော်က ငါတို့ကို လုပ်ခဲ့တာ မှန်တယ်။ ဒါပေမဲ့ သန်းဇော်ကို ငါတို့ပြန်မလုပ်သင့်ဘူး။ အကုန်လုံးက စိတ်ထဲမှာ အဲလို ရှိပြီး သန်းဇော်ကိုကျနော်တို့ အားလုံး ထားထားလိုက်ကြတာ။ အဲဒါကို သန်းဇော် သိတယ်။
အဲဒီလိုနဲ့ နောက်ဆုံး တကယ်တော့ ကျနော်တို့ကို လွတ်လိုက်တာက သူတို့အတွက်ကောင်းဆုံးပဲ။၁၉၉၃၊ မတ်လ …ရက်ကတော့ ၁၅ ရက်နေ့လား မသိဘူး အဲဒီမှာ မေမေတို့လာခေါ်တော့ ကျနော်တို့ ကို လွှတ်ပေးလိုက်တယ်။
အပိုင်း(၁၂)
အဲဒီကနေပြန်လာပြီးတော့ အခက်အခဲတွေ ကြုံရတာတွေကတော့ အများကြီးပဲ၊ပြန်ပြောရင်လည်း တကယ့်ကို အများကြီးပါပဲ။ အဲဒါကို နောက်မှ ပြောမယ်၊ကျနော်လည်း ထောင်ကျသေးတာကိုး။
ကျနော်တို့အနေနဲ့ ဒီနေ့ လက်ရှိ အခြေအနေမှာ ဒေါက်တာနိုင်အောင်ကိုတာဝန်ရှိတဲ့ သူ၊ တာဝန်ယူရမဲ့ ပုဂ္ဂိုလ်လို့ ကျနော်တို့ ဘာကြောင့်ပြောတာလဲဆိုတော့…။
ပြောရရင် နံပတ်(၁)က …သူက ၁၉၉၂ ခုနှစ် AB ရဲ့ Statement မှာ သူကိုယ်တိုင် တာဝန်ယူမယ်လို့ ပြောကြားထားတဲ့ ပြောကြားချက် ရှိလို့။
နံပတ်(၂)က ဆုံးဖြတ်ချက်ချသူတွေထဲမှာ သူလည်းပါတယ် လို့ ရင်း ၅၀၁၊တပ်ရင်းမှူး ကိုသိုက်ထွန်းဦးက ပြောကြားထားတဲ့ အသံဖိုင် ကျနော်တို့မှာရှိတယ်။
နံပတ်(၃) သာယာဝတီ ထောင်ထဲက ကိုသံချောင်းနဲ့ ကျနော် ထောင်ထဲမှာအဆက်အသွယ်ရတော့ ကိုသံချောင်းက ဒီကိစ္စရဲ့ ဆုံးဖြတ်ချက် ချသူတွေထဲမှာကိုနိုင်အောင်
ပါတယ်လို့ ပြောကြားထားတယ်။ဒါကတော့ အသံဖိုင်မရှိဘူး၊ ၀န်ခံထားတာ ရှိတယ်။ဒီသုံးချက်ကြောင့်ကျနော်တို့က သူ့ကို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်လို့ ပြောကြတာလေ။
နောက်ရှိသေးတယ်။ ဘာလဲ ဆိုတော့ အဲဒီတုန်းက ABSDF ထဲမှာ ကိုမိုးသီးနဲ့ကိုနိုင်အောက်နဲ့က အဟ ရှိတယ်။ အဟ ဖြစ်နေတယ်။ အဟ ဖြစ်နေတဲ့အချိန်မှာဒေါက်တာ နိုင်အောင် ဘက်က မဲလိုတယ်။
အဲဒီတုန်းကဟိုဘက်မှာက ဒေါက်တာနိုင်အောင်နဲ့ မိုးသီး၊ ကျနော်တို့ဘက်မှာကကိုမျိုးဝင်းနဲ့ ကိုထွန်းအောင်ကျော် အဲလိုပြိုင်တာလေးတွေ ရှိတယ်။
အဲဒီမှာ ရှေ့က ပြောခဲ့သလိုပဲ ကိုမျိုးဝင်းက နယ်ခံ၊ ကိုထွန်းအောင်ကျော်ကနောက်မှ ရောက်လာတဲ့ သူ ဒါပေမဲ့ နိုင်ငံရေးအရမှာတော့ကိုမျိုးဝင်းအနေနဲ့ကိုထွန်းအောင်ကျော်ကို ယှဉ်လို့မရဘူး။
ဟိုမှာလည်း ကိုမိုးသီးနဲ့ကိုနိုင်အောင်မှာလည်း အလားတူးပုံသဏ္ဍန်လေးတွေရှိကြတယ်။ ကိုနိုင်အောင်က နယ်ခံ၊နောက်မှ ကိုမိုးသီးက ရောက်ချလာတယ်။ အဲဒီမှာကျနော်ရဲ့ ယူဆချက်ကို ပြောတာပါ၊ ဒေါက်တာ နိုင်အောင်က ဘယ်သူနဲ့ သွားတွဲမလဲဆိုတဲ့ ယူဆချက်ရောက်လာတယ်။
ကိုထွန်းအောင်ကျော်နဲ့ တွဲပြီး မြောက်ပိုင်းရဲ့ ထောက်ခံချက်ကို ယူမလား၊ဒါမှ မဟုတ် ကိုမျိုးဝင်းနဲ့ တွဲမလားဆိုတဲ့ အနေအထားရှိတယ်။အဲဒီအချိန်မျာမပရဲ့ ကိုယ်စားလှယ်အနေနဲ့ လွှတ်ထားတာ ဦးစီးလှဋ္ဌေးနဲ့ ကိုစိုးလင်း ရှိတယ်။အဲဒီမှာ ဦးစီးလှဌေးနဲ့ ချိတ်ရင် မျိုးဝင်း၊ ကိုစိုးလင်းနဲ့ ချိတ်ရင်ကိုထွန်းအောင်ကျော် အဲလို ရှိတယ်။
အဲဒီအချိန်မှာ သူ ချိတ်လိုက်တာက သူ့ရဲ့ ရွေးချယ်မှု အပိုင်းကဦးစီးလှဌေး။ အဲဒီမှာ ၄ မဲ ရတယ် သူ။ ရင်း ၄၀၄၊ ၅၀၁၊ ၇၀၁၊ ၇၀၂ အဲဒီမဲတွေသူရသွားတယ်။ အဲဒီမဲတွေ အတွက် သူပေးလိုက်ရတာက ၁၉၉၂ ခုနှစ် Statement ကို သူထုတ်ပေးလိုက်ရတယ်။
သူတာဝန်ခံတယ် မပ ကိစ္စ သူ တာဝန်ယူတယ်ဆိုတာကို ထုတ်ပေးလိုက်ရတယ်။
သူ့ဘက်ကနေ ပြန်ပြောထားတာတွေလည်း ရှိတယ်၊ သူက ဘာပြောလဲ ဆိုတော့အဲဒီအချိန်တုန်းက သူဟာ တောင်ပိုင်းမှာ ရှိပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကမြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တယ်။ သူ့အနေနဲ့ တောင်ပိုင်းကနေ မြောက်ပိုင်းကိုသူ့ရဲ့ Interestတွေက မရှိဘူးလို့ သူပြောတယ်။
ပြောရရင် အဲဒီအချိန်တုန်းက KIA မှာ အင်တာဆက်ရှိတယ် နေ့စဉ်တောင်ပိုင်းနဲ့ အဆက်အသွယ်ရှိတယ်။ တောင်းပိုင်းမှာ နေလို့ မြောက်ပိုင်းကအကြောင်း မသိဘူးဆိုတာ မဖြစ်နိုင်တော့ဘူး။ အမြဲတမ်း အဆက်အသွယ်ရှိတယ်။
သူတို့ပြောတဲ့ ပုံစံက ကျနော်တို့က တပ်ကိုင်ထားတာ အဖွဲ့အစည်းတခုလုပ်ချင်တိုင်း လုပ်လို့မရဘူး။ ဓါးမြအဖွဲ့မှ မဟုတ်တာ။ ပြီးတော့တာဝန်ရှိတယ်လို့ ပြောရင် အားလုံးမှာ တာဝန်ရှိကြတာ။ခုချိန်ကြမှ သူ့မှာတာဝန်ရှိတယ်၊ ငါ့မှာတော့ တာဝန်မရှိဘူးတွေ ပြောလို့မရတာ့ဘူး။
နောက်တချက်က ABSDF ကချင် state ကနေပြီးတော့မှ ABSDF-NBဖြစ်တဲ့အချိန်မှာအဲဒီအချိန်မှာ ကချင် stateရဲ့ ဥက္ကဋ္ဌက ကိုကျော်ကျော်၊ အဲဒီလိုအချိန်မှာကိုထွန်းအောင်ကျော်က ကိုကျော်ကျော်ကိုသွားမေးတယ်။ အဲဒီမှာ ကိုကျော်ကျော်ကကိုထွန်းအောင်ကျော်ကို ဘာပြောလဲဆိုတော့မြောက်ပိုင်း ဗဟိုအနေနဲ့ဖွဲ့ချင်တယ်၊ အဲလိုပြောတယ်၊ ကိုထွန်းအောင်ကျော်က ဗဟိုဟာ တခုတည်းပဲရှိရလိမ့်မယ်။ မြောက်ပိုင်း ဗဟိုအနေနဲ့ ဖွဲ့ခွင့်မပြုဘူး။ မင်းတို့တပ်ချဲ့ထွင်ချင်တယ်ဆိုရင် နယ်မြေကော်မတီပဲ လုပ်လိုက်ပါတဲ့…အဲဒီအတွက် ABSDF- NB ဖြစ်သွားတာ။
ABSDF-NB က ABSDF ဗဟိုရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိတယ်။ ABSDF – ဗဟိုရဲ့ အပြင်ကိုသွားလုပ်လို့ကို မရဘူး။ အဲဒါကြောင့် ဗဟိုကလူတွေက ဒီကိစ္စကိုမသိဘူး၊ တာဝန်မယူဘူးလို့ကို ပြောလို့မရတော့ဘူး။
နောက် ကိုမျိုးဝင်းနဲ့ ကိုထွန်းအောင်ကျော်နဲ့ကိစ္စကလည်း ပုဂ္ဂိုလ်ရေးပါတယ်လို့ ပြောလို့ရတယ်။ ၁၉၉၀ အောက်တိုဘာလ လား၊ ဖေဖော်ဝါရီလလား ကျနော်မမှတ်မိဘူး၊ အဲဒီတုန်းက ကိုမျိုးဝင်းနဲ့ ကျနော်နဲ့ ရှိတုန်းက သူကရင်ကျန်မှာ ဓါးဝယ်လာတယ်။ ဓါးဝယ်လာပြီးတော့ ဓါးသွေးတယ်။ ဓါးကလည်းဂျက်လန်ဒန်ထဲက လိုပဲ။ အဲဒီပုံဆန်ပဲ။ အဲဒီဓါးကို အမြဲတမ်းသွေးနေတာ၊ ပြီးတော့သူ ကျနော့်ကို အမြဲပြောတာရှိတယ်။
ဒီဓါးနဲ့ ငါ့ရန်သူတွေကို သတ်မှာကွလို့ အမြဲပြောတာ။ အမြဲတမ်း ဓါးသွေးနေတာဘာကြောင့်လဲ ဆိုတော့ သူက ဒါဘာမှာ အရမ်းရှက်သွားတာ။ ဒါဘာမှာ ( အမှတ်စဉ် ၅သင်တန်းကို သပိတ်မှောက်စဉ်) အသတ်ခံခဲ့ရတဲ့ မောင်မောင်ကြွယ်တို့လဲ ပါတယ်ဒါဘာမှာ ကျနော်တို့က အားလုံးဖွင့်ပြီး စော်ကြတာလေ၊ ကေအိုင်အေကဗိုလ်မှူးပန်းအောင်ရှိတယ်။ အဲဒါတွေကို recording လုပ်ထားတာ၊ အဲဒါတွေကိုကိုမျိုးဝင်းက အမြဲဖွင့်ပြီး နားထောင်တယ်။ အရမ်းရှက်တယ်။
ဒီဟာအတွက်ကို သူက အမြဲ ဓါးသွေးနေတာ။ သူအမြဲပြောတာ ရှိတယ်၊ ခုတ်မှာ။
ဒီ ဓါးက ခုတ်မှာ။ ရန်သူကို ခုတ်မှာ…။
ငါတို့ရဲ့ ရန်သူတွေကို ခုတ်ပစ်လိုက်မှာ…။
အဲလို ပြောတော့ ကျနော်က ထင်တာ ငါတို့ ရန်သူဆိုတာ ဒီအစိုးရကိုလို့ ထင်တာ။
အဲဒါဟာ ကျနော်တယောက်တည်း ကြားတဲ့ စကားမဟုတ်ဘူး။ အနီးအနား ၀န်းကျင်မှာရှိနေတဲ့ သူတွေ ကြားတဲ့ စကား။ နောက်ဆုံး ကိုထွန်းအောင်ကျော်တို့ကိုခုတ်ပြီး သတ်သွားတာ အဲဒီဓါးနဲ့ ခုတ်ချသွားတာ။
ကိုထွန်းအောင်ကျော်ကို သတ်ခဲ့တာ ပုဂ္ဂိုလ်ရေးလည်း ပါတယ်၊ဒီတခုတည်းပေါ့လို့တော့ ပြောလို့မရဘူး။ အခြား အချက်အလက်တွေလည်း အများကြီးရှိတယ်။
ကိုကျော်ဝေကို ခေါင်းကို ခုတ်သတ်လိုက်တော့ လည်ပင်းက ပြွန်ကြီးကသွေးတွေဗွက်ဗွက် …ဗွက်ဗွက်နဲ့ ထွက်နေတော့ ကိုထွန်းအောင်ကျော်ရဲ့ ခေါင်းကိုဆွဲပြီးတော့ “မင်း တပည့်ရဲ့ သွေးကို မင်းသောက်“ ဆိုပြီးတော့ကိုထွန်းအောင်ကျော်ကို ကိုကျော်ဝေရဲ့ သွေးကို ပြန်သောက်ခိုင်းတာ။
အဲဒီအချိန်မှာ ကိုချိုကြီး လက်က ဖြတ်ပြီးသွားပြီ။
အဲဒီမှာ နောက်တချက်က ကျနော်တို့ကို တောက်လျှောက် ထောက်လှမ်းရေးလို့စွပ်စွဲနေတာ၊ ဘာကြောင့်စွတ်စွဲတာလဲ ဆိုတော့…ကိုမျိုးဝင်းကပုဂ္ဂိုလ်ရေးပါတယ်။
အပိုင်း(၁၃)
အဲဒီမှာ နောက်တချက်က ကျနော်တို့ကို တောက်လျှောက် ထောက်လှမ်းရေးလို့စွပ်စွဲနေတာ၊ ဘာကြောင့်စွတ်စွဲတာလဲ ဆိုတော့…ကိုမျိုးဝင်းရဲ့ပုဂ္ဂိုလ်ရေးပါတယ်။
ကိုထွန်းအောင်ကျော်က နိုင်ငံရေးလည်း ရေချိန်မြင့်တယ်၊ လူကြိုက်လည်းများနိုင်တယ်၊ နောက်တချက်က ကိုထွန်းအောင်ကျော်က ရဲဘော်တွေ ၀ါးခုတ်ရင်သူလည်း ဆင်းခုတ်တယ်။ အဲဒါတွေက မျိုးဝင်းကို ဖြုတ်သလိုဖြစ်နေတာ။
နောက်သူက ကိုထွန်းအောင်ကျော်နဲ့ ယှဉ်တယ်၊ ဘယ်လိုလဲ ဆိုတော့ကိုထွန်းအောင်ကျော်က ရဲဘော်တွေနဲ့ ၀ါးတွေ ဘာတွေ ခုတ်တယ်ဆိုရင် သူကသစ်ရွက်တွေဘာတွေကို လိုက်ကောက်ပြတာ။ အဲဒါမျိုးတွေလည်းသူက လုပ်တယ်။ပြီးတော့ကိုထွန်းအောင်ကျော်အပေါ်မှာ ထားတဲ့ မီးက သူ့ကိုယ်တွင်းထဲမှာတောက်လျှောက်လောင်နေခဲ့တာ။
နောက် မျိုးဝင်းက ဗဟိုကော်မတီလေ အဲဒီတော့ သူ့ရဲ့ စိတ်ထဲမှာတကယ့်ကိုအရာရှိကြီးလို တထီးတနန်းနဲ့ နေနေတာမျိုးတွေ ရှိတယ်။ စစ်ဆင်ရေး ထွက်တာကစလားနဲ့ ထွက်တာ။ လားကြီး စီးပြီးတော့ ထွက်တာ။ ကေအိုင်အေက စစ်ကြောင်းမှူးတွေလားစီးပြီး ထွက်သလို သူလည်း လားစီးပြီး ထွက်တာ။
ကေအိုင်အေ စစ်ကြောင်းမှူးတွေက အသက် ၅၀ ၀န်းကျင်လောက်တွေလူကြီးတွေဖြစ်နေတယ် အချို့ကလည်း ကျန်းမာရေးအရ ထွက်တာ။ အမြင်လည်းကောင်းတယ်။သူက အဲလိုလိုက်လုပ်တော့ ကေအိုင်အေကလည်း ပြောတယ် မင်းတို့ကျောင်းသားတပ်ကကွာဘာလဲ လူငယ်တွေဖြစ်နေပြီးတော့ … ဘာလုပ်တာလဲ တဲ့။
အဲလို ကေအိုင်အေကလည်း ပြောတယ်။
ကျနော်တို့ကလည်း ကျောင်းသားလူငယ်တွေဆိုတော့ စတတ် နောက်တတ်တာလည်း ရှိတယ်။ဆိုပါတော့ ကိုမျိုးဝင်း လားစီးတာကို ရှေ့က ကိုသိန်းထွန်းက ဆွဲပြီးလာရတယ်။အဲဒီဟာ ပြောရင် ကိုပြန်ရယ်ချင်တယ်…။ သူအဲလို လားစီးပြီး ရှေ့က တယောက်ကဆွဲပေးရရင် ကျနော်တို့ကလည်း လေဒီယိုသီချင်းကို အကျယ်ကြီး ဖွင့်ပြီး
“…အရှေ့ကိုလျှောက်ပါလို့… ၊ အနောက်ကိုတဲ့…မျှော်လိုက်ရင်…တခွန်တိုင်..ရွှေကုက္ကိုားနဲ့ ဘုရားကိုမြင်…“ ဆိုပြီး သူ့ကို ရှင်လောင်း ဆိုပြီး နောက်နေတာ၊ တကယ်ကို ကျနော်တို့က လူငယ်စိတ်နဲ့စခဲ့တာ၊ နောက်ခဲ့တာ။
အဲဒီလို လုပ်တာကို သူက လုပ်နေတဲ့ အချိန်မှာ မသိဘူး၊ နောက်မှ ကျနော်တို့ကငါတို့ က စစ်ဆင်ရေး ထွက်တာမဟုတ်ဘူး။ ဟိုမှာ ..မောင်ရှင်လောင်းရှိတယ်၊ငါတို့ မောင်ရှင်လောင်း ထွက်တာ ဆိုပြီး နောက်ကျတာ။ အဲလို နောက်တာကို သူကရှက်တယ်။ နောက်ကျနော်တို့က စာချိုးပေ ချိုးတွေနဲ့ လုပ်ပြီးပြောရင်သူကတော်တော် ခီးတယ်။ ကျောင်သား စိတ်ဆိုတာ သိတဲ့အတိုင်းပဲ နောက်ကျတာပဲ။
အဲဒါ သူ့ကို ဒေါက်ဖြုတ်တာလို့ သူက ထင်တယ်။ အဲလို သူက ခီးလေ နဲ့နောက်တော့သူ့ နာမည်က မှုန်ကြီးဆိုပြီး ဖြစ်သွားတာ။ အဲဒါမျိုးလိုင်းကျသွားတာမျိုး ထိ ရှိတယ်။ တကယ်တော့ သူက သူဖြစ်ချင်တာက တမျိုး၊ သူဖြစ်နေတာက တမျိုးတွေ။သူက အများအမြင်မှာတော့လေးစားဖို့ ကောင်းတဲ့ခေါင်းဆောင်တယောက်ဆိုတဲ့ အမြင်မျိုး ဖြစ်ချင်တယ်။
သူက အများအမြင်မှာ လေးစားခံချင်တယ်။ ရဲဘော်တွေကြည့်မှာတော့ သူကအရွက်တွေ ကောက်ပြတယ် ပြီးတော့ “ဒီ ကျည်ဆံက ပြည်သူတွေရဲ့ဘဏ္ဍာငွေနဲ့ လုပ်တဲ့ကျည်ဆံပဲ၊ ငါတို့ တော်လှန်ရေးမှာ ခြိုးခြံ ချွေတာရမယ်၊ ဘာညာပေါ့… သူကရှေ့မှာ အဲလိုတွေ ပြောတယ်။ စားရင် နောက်မှာအသားဘူးနဲ့ စားတယ်။ သူကရှေ့မှာတော့ တကယ့်ကို ဟန်ဆောင်နေတာ၊ နောက်မှာတော့ သူ့အတွက်ကို ဖယ်ထားပေးရတာရှိတယ်။
ကျနော်လည်း အသားဘူးနဲ့ စားရပါတယ်။ သူစားတော့လည်း ကျနော်လည်း စားရတာပေါ့။သူက ကျနော့်ကို ချစ်တယ်ဗျာ၊ ဟိတ်ကောင် …လာ ဆိုပြီးတော့ ကျွေးတယ်။အဲလိုမျိုး။ နောက် ရှေ့တန်းမှာ ဆိုရင်လည်း သူ့တဲရဲ့ ဘေးမှာ ကျနော့်တဲပဲ။အဲလို အနီးကပ်။ ကိုယ်ရံတော်လည်းဖြစ်တော့ သူ့ရဲ့ အကျင့်ကို ကျနော် သိတယ်။
အဲလိုစစ်ဆင်ရေး ထွက်တော့ မန်ချိယန်မှာ ကျနော်အရိုက်ခံရတယ်။ အဲဒီတုန်းကပါတဲ့ လူတွေ သိလိမ့်မယ် ကျနော်အရိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့သိတဲ့အတိုင်းပဲ စစ်ဆင်ရေးထွက်တော့ ပြတ်ရော၊ ပစ္စည်းတွေက ပြတ်ပြီ၊ အဲဒီနေ့ကသူက အစည်းဝေးသွားတယ်။ မသွားခင်မှာသူက ကျနော့်ကို သေချာ မှာခဲ့တယ် ဘိုဘိုမင်း ဂရုစိုက်နော် ဘာညာပေါ့။ ကျနော်ကလည်း ထုံးစံအတိုင်း ဟုတ်ကဲ့ပေါ့ စိတ်ချVcsပေါ့။
နောက် ကျနော်က ယူနစ်ထဲ ဆင်းတာ …ယူနစ်ထဲ ဆင်းတော့ စုတ်ပြတ်သတ်နေတာ ဗျာ။ အဲဒီတပ်စိတ်က လွင်ကိုလတ်ရဲ့ တပ်စိတ် အဲဒီမှာ ငှက်ဖျားတွေ ဖြစ်ပြီးတော့မှအကုန်လုံး စုတ်ပြတ်သတ်နေတာ။ တော်တော်ကို ဂိနေတာ။ စားစရာလည်း မရှိဘူး။အဲဒီမှာက ရှေ့တန်းလည်း ရှေ့တန်းဆိုတော့ ငတ်ပြီဟေ့ဆိုရင် နင်းကန်ပြီးငတ်တာ။ အဲလို စုတ်ပြတ်ပြီး ငတ်နေတာ တွေ့တော့ ကျနော်က သူ့ပစ္စည်းတွေကိုယူပြီး ပေးပစ်လိုက်ရော။
အဲဒီမှာ နောက် ဒု-အရာခံဗိုလ်ကလည်း ကျနော့်ဆီကိုလာတောင်းတယ် ဘိုဘိုတဲ့အရက်သောက်ချင်တယ်တဲ့။ သူက ဖျားတာလည်း ပါတယ်။ ကျနော်က အရက်မပေးရဲဘူး၊ဒါပေမဲ့ ဒီမှာ ငှက်ဖျားဖြစ်နေတဲ့ ဟာကို စဉ်းစားမနေတော့ဘဲပေးလိုက်တာပေါ့…ရော့ယူသွားဆိုပြီးတော့။
အဲလို ပေးလိုက်တော့ နောက် ဖျားနေတဲ့ သူကလည်း လာတောင်းတော့ ကျနော်က ရှေ့ကလူတွေကိုတော့ ပေးပြီး နောက်လာတောင်းတယ် မပေးရင် ဘယ်လိုဖြစ်မလဲဆိုပြီးအဲဒါနဲ့ ပေးရင်း ပေးရင်း ပေးရင်းနဲ့ အဲဒီသူ သိမ်းထားတဲ့ အရက်ကပေးတာများသွားတယ်။ အဲလို များသွားတော့ ကျနော်ကလည်း ကြောက်ကြောက်နဲ့ရေပြန်ရော ဖြစ်လိုက်တယ်။ ဟီး…ဟီး …ကြောက်တာကိုး။
အဲလို ပေးတုန်းက ကျနော့်ကို မအေးတို့က ပြောတယ်။ ဘိုဘို မလုပ်နဲ့နော်အဲဒါ Vcsဟာ။ ကျနော်ကလည်းဟာ…နောက်မှ ရှင်းဟာဒီမှာ ဖျားနေတာ…ဆိုပြီးလုပ်ချလိုက်တာ။
အဲဒီမှာ သူက သူ့အရက်တွေက ရေတွေရောထားတော့ အရက် ကလည်းမရတော့ဘူး၊ဟင်းတွေကလည်း မရှိတော့ဘူး။ အဲဒီတုန်းက ဟင်းဆိုတာလည်း ဟင်း ဘာမှမရှိပါဘူး။ ကုလားပဲတွေပဲ ပေးလိုက်တာပါ။ အသားဘူးတွေဘာတွေလည်း ပြတ်ကုန်ကြတော့ဖျားနေတဲ့ သူတွေလည်းရှိတော့ ကုလားပဲတွေပေးလိုက်တာ။
အဲဒီမှာ သူ့အတွက် အရက်လည်း မရှိတော့ဘူး၊ ဟင်းလည်း ပေးလိုက်တယ် ဆိုတော့တော်တော်ပေါက်ကွဲတာ။အဲဒီမှာ ဘိုဘို မင်းမှာ အပြစ်ရှိလား ဆိုတော့ကျနော်အပြစ်ရှိပါတယ်ဆိုတော့။ ဒါဆို ဟိုဘက်လှည့်ဆိုပြီး ကျနော့်ကိုရိုက်တာပဲ တီးတော့တာပဲ။
ပြောချင်တာက အဲဒီအချိန်မှာတော့ သူက ကျနော့်ကို ကျနော်ရှိရင် သူ့အတွက်မကောင်းနိုင်ဘူး၊ အန္တရာယ်ရှိတယ်လို့ တွက်ပြီး စစ်ကြောရေးမှာ တယောက်ကကျနော့်နာမည်လည်း ပြောရော ကျနော့်ကို ဖြုတ်ချင်တာ။
နောက် ကိုထွန်းအောင်ကျော်ကို ဖြုတ်ချင်ရင် သူက ကျန်တဲ့ သူတွေ သူ့အတွက်အန္တရာယ်ရှိနိုင်မဲ့ သူတွေကို ထားလို့မရဘူး။ ဖြုတ်ရင်အားလုံးကိုအကုန်အပြတ်သွားရမှာလေ။
ပြီးတော့ သူတို့ စစ်ကြောရေး လုပ်တုန်းက အကုန်အားလုံးက ထောက်လှမ်းရေးလို့ဝန်မခံလို့မရဘူး ဗျ။ အကုန်အားလုံး ၀န်ခံခိုင်းတာ။ စပြီး ဖမ်းလိုက်ပြီဆိုကတည်းက စစ်တဲ့အချိန်မှာ အရမ်းရိုက်နှက်ပြီး စစ်ကြတော့ လောလောဆယ်အသက်ရှင်ဖို့အတွက် ထောက်လှမ်းရေးလို့ကို ၀န်ခံမှ ရမယ်။
ထောက်လှမ်းရေးလို့ ၀န်ခံလိုက်ရင် အသက်ရှည်မလားလို့ မေးရင် အဲဒါကလည်းမသေချာဘူး။ ဒါပေမဲ့ ရိုက်တာနှိက်တာကတော့ ခဏ ရပ်သွားမယ်။ အရမ်း ရိုက်နှက်စစ်ကြတော့ လူတွေက ရှော့တွေ ရနေကြပြီ၊ နောက် စစ်တော့လည်း သူတို့ကမင်းကိုယ်ပိုင် နံပတ်ပြော အဲလို စတာ။ အဲဒီလို ပါးစပ်ထဲ တွေ့မိတွေ့ရ ပြောတဲ့သူတွေက နောက်တခါပြန်စစ်တော့ ရှေ့က ပြောခဲ့တဲ့ နံပတ်တွေနဲ့ မညီတော့ဘူး။အဲဒီမှာ သူတို့က ရှေ့နောက်တွေ မညီတော့ဘူး။ ပိုနာတယ်။
အဲတော့ ကျနော့်အလှည့်ကြတော့ ကျနော့်ကို တပ်ကြပ်ကြီးလို့ သူတို့က၀န်ခံခိုင်းပြီး ဈေးတည့်သွားကြတာ ရှေ့မှာ ပြောပြီးပြီနော်။ကိုယ်ပိုင်နံပတ်ကြတော့လည်း ကျနော်က မယ၊ ၀၀၁၂/၈၉ ပြီးသွားပြီ။ မယက ဘာလဲဆိုတော့ မူးယစ်ထောက်လှမ်းရေး…ဟီးဟီး..။ ၁၂ ကလည်း လွယ်လွယ်လေးဗျာနောက်က ၈၉ကလည်း လွယ်လွယ်လေး။
နောက်ကိုကျော်နိုင်ဦး ကိုယ်ပိုင်နံပတ်ကို မေးတော့ ကိုကျော်နိုင်ဦးကသူ့ရဲ့ ဆယ်တန်းတုန်းက ခုံနံပတ်တဲ့ အဲလိုဟာတွေ။ပြီးတော့ ကျနော်ရဲ့ထွက်ချက်မှာ့ ရှိနေတာတွေကို ကျနော်က ဒီနေ့ထိပြန်ပြောနိုင်တယ် ။ဘာဖြစ်လို့လဲ ဆိုတော့ မင်းသိင်္ခ၀တ္ထုထဲက ဇာတ်ကောင်တွေ၊လက်ဝါးကိုကိုကြီးတို့အိုင်ပီအောင်သင်းတို့ဗျာ။ ဟာ..ဟာ..ဟာ။
နောက်ပြီးတော့ဗျာ ကျော်စွာဝင်းမောင်ကို စစ်တော့ သူကလည်းမခံနိုင်လွန်းတော့ ဟုတ်တယ် ကျနော်လည်း ထောက်လှမ်းရေးပါ၊ ကျနော်ရဲ့အထက်အရာရှိက ဘိုဘိုပါလို့ ပြောလိုက်တယ်တဲ့ ဗျာ… အဲဒီမှာ ကျနော်ကလည်းရယ်လည်း ရယ်စရာကောင်းတယ်။ သူက ကျနော့်ကို အထက်အရာရှိပြောတော့…ကျနော့်မှာတပ်သားလုပ်လို့မရပဲ တပ်ကြပ်ကြီး လုပ်လိုက်ရတာ။
နောက်တချို့က စစ်ကြောရေးမှာ ဖြေကြတာက မီးသတ်ထောက်လှမ်းရေးတဲ့ကျနော်ဖြင့် တခါမှတောင် မကြားဘူးဖူး၊ ကြောက်အားလန့်အားနဲ့ ပါးစပ်ထဲတွေ့တာတွေ အကုန်လျှောက်ပြောရတာ။ အဲတော့ မင်းက မီးသတ်က ထောက်လှမ်းရေးဘာလုပ်တာလဲ ဆိုတော့…ဘယ်အချိန်မီးရှို့မှာလဲဆိုတာ သိချင်လို့ ဒီမှာလာနေနေရတာလို့ ဖြေတယ်။ ဟား…။
အဲတော့ နည်းနည်းလေး သတိရှိတဲ့ သူက ရှေ့နဲ့နောက်နဲ့ညီအောင်ဖြေတယ်။ဥပမာကိုကျော်နိုင်ဦးတို့ ဆိုရင် ဗိုလ်လို့ ဖြေတယ်။ လစာဘယ်လောက်ရလဲဆိုတော့…အရာရှိဆိုတော့ ကြားဖူးနားဝရှိတာ ၄၅၀ စကေး ဆိုတော့ ၄၅၀လို့ဖြေတယ်။
အဲဒီမှာနောက်တယောက်က လစာကို မေးတော့ တသိန်းတဲ့။ အင်ဖော်မာက လစာ ၁သိန်းတဲ့ အရာရှိက ၄၅၀ တဲ့…ဟား ။ အဲဒါမျိုးတွေ ဖြေတာကို။
အဲဒါကြောင့် ကျနော်တို့က ကြေငြာချက် ၁/ ၂၀၁၂ မှာ ပြောပြတာက မပ (မြောက်ပိုင်း ကိစ္စ) နဲ့ပတ်သက်ပြီး တာဝန်ရှိ ဆက်နွယ်တဲ့ သူတွေအားလုံးကသူတို့မှာ
ဒီလူတွေက ထောက်လှမ်းရေး ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားရှိတယ်ဆိုတာကို …အဲဒီအထောက်အထားကို အမြန် ကမ္ဘာနှင့် မြန်မာပြည်သူတို့သိရှိစေရန်အတွက် ထုတ်ပြပေးရန် တောင်းဆိုသည် ဆိုတာကို တောင်းဆိုတာ။ဘာကြောင့်လဲ ဆိုတော့ အဲဒါကဟာသ ကားကြီး။
အဲဒါက ဟာသကားကြီး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ ထွက်ချက်တွေက တခုမှအမှန်မဟုတ်ဘူး။ သူတို့ရဲ့ စစ်ကြောရေးကို ကြောက်လို့ ထွက်ကြတယ်ဆိုတာအကုန်သိတယ်။
နောက်ပြောတာရှိတယ်။အဆိပ်တွေ မိတယ်ဆိုတာ…အဲဒီအဆိပ်တွေ ကိုသူတို့အဆိပ်ဟုတ်မဟုတ် စမ်းသပ်ခဲ့လား။ ကိုထိန်ဆိုလို့ရှိရင် ဟသူ့ကိုဖမ်းတော့မယ်ဆိုတာ သိတော့ အဆိပ်လို့ လာတောင်းတဲ့အခါအမှာ မင်အိုးတွေပေးလိုက်တာ။ သူက သတင်းနဲ့ ပြန်ကြားရေးက ဆိုတော့ သူ့မှာ မင်အိုးတွေ ရှိတယ်။အဆိပ်လို့ လာတောင်းတော့ သူ့မှာ ရှိတဲ့ မင်အိုးတွေပေးလိုက်တာ။
ပြောရဦးမယ် ပိပိဆိုလို့ရှိရင် သူက ဂျီတီအိုင် ကျောင်းသား အီးပီလားမသိဘူး သူ့မေဂျာကိုတော့ သေချာ မမှတ်မိတော့ဘူး။ သူ့ကိုစစ်ပြီးတော့ သူ့ဆီကနေဆက်သွယ်ရေးစက်လို့ တောင်းတော့ သူက သူ့ကို လာပြင်ခိုင်းထားတဲ့လေဒီယိုတွေကို ထိုးအပ်လိုက်တာ။
တကယ်တော့ ကျနော်တို့တွေကလည်း ထောက်လှမ်းရေးတွေ တယောက်မှ မဟုတ်ကြသလို၊ကျနော်တို့ ဆီမှာလည်း ဘာမှ မရှိဘူုး။ ဘာမှလည်း မမိဘူး။ သူတို့တောင်းတဲ့အခါမှာ ရှိတာ ရှိတာ ထိုးအပ်လိုက်ကြတာ။
အဲဒါကို သူတို့က ထောက်လှမ်းရေး ဆီက ဒါတွေဘာတွေ မိတယ်ဆိုပြီးတော့ လုပ်တာ။အဲဒါတွေကိုသူတို့ဟာ သူတို့ လုပ်ဇာတ်နဲ့ ထိုးပြီး တင်ထားတဲ့ ဟာတွေ။တကယ်တော့ ကျနော်တို့ ဆီက ဘာမှ ကို မမိတာပါ။
အပိုင်း (၁၄)
ကိုထွန်းအောင်ကျော်အပါအ၀င် ၁၅ဦးကို ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါ၇ီလ ၁၂ ရက်နေ့မှာ သတ်တာက ဗဟိုကော်မတီဝင် ဆုံးဖြတ်ချက်နဲ့ သတ်ခဲ့တာ။
အဲဒီမတိုင်ခင် လူခွဲတော့မယ်ဆိုတာ သိတယ်။ ဖမ်းထားတဲ့ သူတွေအများကြီးထဲကနေလူခွဲပြီး သတ်ဖို့ လုပ်တာ။ ဘာကြောင့် ပြည်ထောင်စုနေ့ကို ရွေးတာလဲဆိုတာကတော့ ကျနော်သေချာ မသိတဲ့အတွက် မဖြေနိုင်ဘူး။
သေချာတာကတော့ ကိုမျိုးဝင်းက သူမုန်းတီးတဲ့ သူ့ကို ဖြုတ်တယ်လို့ သူ ယူဆတဲ့ ၁၅ဦးကို သေချာရွေးထုတ်ပြီး သတ်သွားတာပဲ။
၁၉၉၂ တုန်းက မြောက်ပိုင်းမှာကျောင်းသားတွေကို ထောက်လှမ်းရေးလို့စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ခဲ့တာတွေ၊ ဖမ်းဆီးနှိပ်စက်ခဲ့တာတွေကို ခုကျမှဘာကြောင့်ပြောနေရသလဲ ဆိုတာကို ကျနော် ပြောမယ်နော်။
ကျနော်တို့ ပြည်တွင်းထဲကို ပြန်ဝင်လာတော့ ဘယ်သူပဲ ၀င်ဝင် အဲဒီတုန်းကထောက်လှမ်းရေး ကဘာပြောသလဲ ဆိုတော့ စာအုပ်ထုတ်ဖို့။ ဒီကိစ္စကိုစာအုပ်ထုတ်ဖို့ ပြောတယ်နော်၊ ကျနော်တို့တွေ တောက်လျှောက်ငြင်းခဲ့တယ်အဲဒါကို။ နောက် ပြည်တွင်းထဲကို ပြန်ဝင်လာကြတဲ့ အချင်းချင်းမှာလည်းဒီကိစ္စကို စာအုပ်ထုတ်ရဲတဲ့ ကောင် ထုတ်ကြည့်လို့ ပြောခဲ့တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီတုန်းက အခု ဒီလို အခြေအနေမျိုးမဟုတ်သေးဘူး။မီဒီယာကလည်း မလွတ်လပ်သေးဘူး၊ ၁၉၉၃ ခုနှစ်လောက်တုန်းက အခြေအနေကိုသိပါတယ်။အဲဒီအခြေအနေနဲ့ ယနေ့အခြေအနေ မတူတာလဲပါတယ်။ နောက် အကောင်းအဆိုးပြန်ချိန်စကြည့်တဲ့အခါမှာ ကျနော်တို့ရဲ့ တော်လှန်ရေး အကျိုးစီးပွားကိုထိခိုက်လာမှာ ပိုပြီးတော့မှ များတဲ့အတွက် ကျနော်တို့က မထုတ်ခဲ့တာ။
သို့သော် မြက်ခင်းသစ်မှာ ပါခဲ့တဲ့ ဟာတွေ ရှိတယ်၊ အဲဒီမြက်ခင်းသစ်မှာပါခဲ့တာတွေက ကျနော်တို့ ကာယကံရှင်တွေရဲ့ ထွက်ချက်တွေကို ကျနော်တို့နာမည်သုံးပြီး ရေးသွားခဲ့တာ။
ပြောရရင်တော့ ကျနော်တို့ရဲ့ ရှေ့က ၀င်လာတဲ့ ၅၅ ဦးကသတင်းစာရှင်းလင်းပွဲ လုပ်သွားတယ်။ အဲဒီမှာသူတို့ ပြောသွားတာကလည်း သူတို့အကုန်ပြောမသွားဘူး၊ အချက် ၁၀ ချက်ရှိရင် ၃ ချက်လောက်ပဲ သူတို့ကလည်းပြောသွားတယ်။ဘာကြောင့် သူတို့ ၃ လေး ချက်လောက်ပဲ ပြောရသလဲ ဆိုရင်ဟိုမှာကျန်ခဲ့တဲ့ ကျနော်တို့ ၉ ယောက်ကို ကာဗာလုပ်ချင်တယ်။ အဲဒီတုန်းကကျနော်တို့က မလွတ်သေးဘူးကိုး။
နောက် နအဖရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ သူတွေက နအဖ လူတွေပဲလို့ စွပ်စွဲကြတယ်။ ကျနော်တို့က ဒါကို မဟုတ်ကြောင်း ပြောတယ်။
သူတို့တွေကလည်း ကျောင်းသားတွေပဲ။ ခုချိန်ထိ နအဖ လူတွေ တယောက်မှမဟုတ်ဘူး၊ ထောက်လှမ်းရေးလည်း မဟုတ်ဘူး။ ဒါက သူတို့က ကျနော်တို့ကိုနိုင်ငံရေးပါ သတ်ပစ်တာ။
ဒါပေမဲ့ ကျနော်တို့တွေက ကိုယ့်တူရာတူရာ စုပြီး လုပ်ကြတယ်၊ အဲဒီမှာကျနော်က ၁၉၉၈ မှာ အဖမ်းခံရပြီး ထောင်ကျခဲ့တယ်။ ၂၀၀၉ မှာပြန်လွတ်လာခဲ့တယ်။
နောက်တချက်က ဒီကိစ္စက ကျောင်းသား သမိုင်းပါ၊ AB ကို ကျနော်တို့တွေသွားခဲ့တာ လခရလို့ ပိုက်ဆံရလို့ သွားခဲ့တာ မဟုတ်ဘူး။ တကယ်ကို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ပြီး တိုင်းပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်တောထဲကို သွားခဲ့ကြတာ။
အခု ဒီကျောင်းသား ကိစ္စ၊ ABSDFကျောင်းသား ကိစ္စတွေမှာ မိုးသီးဇွန်းကလည်းတာဝန်မရှိဘူးလို့ ပြောလို့မရဘူး။ သူလည်း တာဝန်ရှိတယ်၊ ABSDF ခေါင်းဆောင်တိုင်းမှာ … တာဝန်ရှိတယ်။ သူတို့ မှားခဲ့တာကို သူတို့တာဝန်ယူရမယ်။
ဒီနေ့ဒီအချိန်ထိ ကျနော်တို့မှာ ABSDကျောင်းသားတပ်ကိုချစ်တဲ့စိတ်ရှိတယ်။ တော်လှန်ရေးကို မထိခိုက်စေချင်ဘူး။ အဲဒါကြောင့်လည်းသမိုင်းမှန်ပေါ်စေချင်တယ်။ သူတို့အနေနဲ့ သမိုင်းမှန်ဖော်ထုတ်ပေးဖို့လိုတယ်ပြန်ရှင်းပေးစေချင်တယ်။
နောက်အခု ကျနော်တို့ မပ ကျောင်းသားဟောင်းတွေအနေနဲ့က တရားစွဲဖို့အစီစဉ်မရှိဘူး။ သို့သော်အသတ်ခံခဲ့ရတဲ့ ၃၈ ဦးရဲ့ မိသားစုဝင်တွေက စွဲတာတော့မတတ်နိုင်ဘူး။
ဒါက ကျနော်တို့နဲ့ မဆိုင်ဘူး။
ကျနော်တို့အနေနဲ့ ဖြစ်စေချင်တာက သူတို့ကိုသမိုင်းမှန်ဖော်ထုတ်ပေးဖို့အတွက်ပဲ တောင်းဆိုချင်တာ။ နောက်ကိုထွန်းအောင်ကျော် မှာခဲ့တာက လက်စားချေဖို့မဟုတ်ဘူး၊သမိုင်းမှန်ဖော်ထုတ်ပေးဖို့ကို တောင်းဆိုခဲ့တာ အဲဒါလေးကိုလည်းရှင်းရှင်းလင်းလင်း သိစေချင်တယ်။
ဒါက ကျနော်ရဲ့ တဦးချင်း ပြောတာပါ။
ကျနော် သူ့တိုကို ခွင့်လွှတ်တယ်ဗျာ…ဒါပေမဲ့… လက်ဆွဲတော့ မနှုတ်ဆက်နိုင်ဘူး။
..........
မှတ်ချက်။ ။ မနန်းအောင်ထွေးကြည်ထံမှသိရတဲ့ စာရင်းအရ မြောက်ပိုင်းတွင် (ရက်ရက်စက်စက် ခုတ်သတ်တာ ၁၈ ဦး ။ လူမဆန်တဲ့ ညှင်းပမ်း နှိပ်စက်မှု့ဒဏ်တွေနဲ့ကျဆုံးခဲ့တာ ၁၄ ဦး ။မျိုးဝင်းသဘောနဲ့ ထောင်က လွှတ်ပေးလိုက်တာ ၂ ဦး။စစ်ကြောရေး ကာလမှာ ထွက်ပြေးလွတ်မြောက် သွားတာ စုစုပေါင်း ၄ ဦး ။မိဘတွေတောထဲလာပြီး ငိုပြီး တောင်းပန်ကြလို့ လွတ်ခဲ့တာ ၇ ဦး ။ထောင်ဖောက် ထွက်ပြေးလွတ်မြောက် ခဲ့တာ ၅၅ ဦး ၊ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လမ်းမှာ ၁ ဦးသေခဲ့တယ် ။ဆိုတော့စုစုပေါင်း ဖမ်းတာ ၁၀၀ ဦး ) ရှိခဲ့ကြောင်း သိရှိရသည်။
မေသင်္ကြန်ဟိန်(မြစ်မခ)